Blogger Widgets

Sunday, 2 June 2013

အမြန်လမ်းမကြီးပေါ်မှ ယာဉ်အန္တရာယ်များ ကာကွယ်နိုင်တော့မည်

မြန်မာနိုင်ငံအတွင်း ယာဉ်အသုံးပြုမှု များပြားသည့် မြို့ကြီးများနှင့် အဆင့်မြင့် အမြန်လမ်းမကြီးများပေါ်တွင် အရှိန်မြှင့် မောင်းနှင်သော မော်တော်ယာဉ်များကို အတိကျဆုံးတိုင်းတာ၍ မှတ်တမ်းတင် ဖမ်းဆီး အရေးယူနိုင်တော့မည် ဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ထိပ်တန်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်သည့် Laser Technology Inc. မှ ထုတ်လုပ်သည့် Traffic Over Speed Enforcement Laser ပစ္စည်းများကို Handheld Photo/Video Enforcement Laser ကိရိယာကို အသုံးပြု၍ ယာဉ်မတော်တဆဖြစ်မှုကို ကာကွယ်တားဆီး ပေးနိုင်မည် ဖြစ်သည်။

အဆိုပါ ကိရိယာသည် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ်များ၏ Photo သာမက ဖြစ်စဉ်၏ Video အထောက်အထားတို့ကိုပါ မှတ်တမ်းတင်နိုင်မည် ဖြစ်သည်။
High-Resolution image Camera ဖြစ်သည့်အတွက် မော်တော်ယာဉ်အမျိုးအစား၊ အမည်နှင့် ယာဉ်နံပါတ်ပြားကို ထင်ရှားစွာမြင်တွေ့ သက်သေခံနိုင်မည် ဖြစ်သည်။ ကင်မရာအတွင်း မှတ်တမ်းတင်ထား သော အချက်အလက်များကို ပြုပြင်ဖျက်ဆီး၍ မရအောင် ကာကွယ်ထားသည်။ ထိုကိရိယာ၏ အလေးချိန်သည် 1.5 Kgm ရှိသည်။ 12V ဘက်ထရီဖြင့် အသုံးပြုနိုင်သည်။
မော်တော်ယာဉ်၏ သတ်မှတ်မိုင်နှုန်းကို လိုအပ်သလို တိုင်းတာသည့် ကိရိယာတွင် သတ်မှတ်ပေးနိုင်သည်။ ယာဉ်တစ်စီးအား တိုင်းတာမှုကြာချိန် ဝ ဒသမ ၃၃ စက္ကန့် ဖြစ်ပြီး တိုင်းတာမှုကို ၉၉ ရာခိုင်နှုန်း တိကျစွာ တိုင်းတာပေးနိုင်သည်။ ညဘက် အသုံးပြုပါကလည်း Tru Flash နှင့် တွဲဖက်အသုံးပြုနိုင်ပြီး ဖမ်းယူသည့် မော်တော်ယာဉ်၏ ပုံရိပ်ကို ထင်ရှားစွာ မှတ်တမ်းတင်နိုင်သည်။
GPS စနစ် အသုံးပြုထားခြင်းကြောင့် တည်နေရာနှင့် အချိန်ကိုပါ သိရှိနိုင်မည်ဖြစ်သည်။ အဆိုပါ ကင်မရာကို မြန်မာနိုင်ငံ အတွင်းရှိ ယာဉ်အသုံးပြုမှု များပြားသည့် မြို့ကြီးများနှင့် အဆင့်မြင့် အမြန်လမ်းမကြီးပေါ်တွင် အသုံးပြုပြီး မော်တော်ယာဉ်များ အမြန်နှုန်းဖြင့် မောင်းနှင်ခြင်းကြောင့် မလိုလားအပ်သော ယာဉ်အန္တရာယ် ကြုံတွေ့ရမှုနှင့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကို ထိန်းချုပ်ကာကွယ်နိုင်မည် ဖြစ်သည်။
အဆိုပါကင်မရာကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၈ဝ ရာခိုင်နှုန်းခန့် အသုံးပြုလျက်ရှိသည်။ Traffic Over Speed Enforcement Laser ၏ စွမ်းဆောင်ရည်ကို မေ ၃ဝ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ရှင်းလင်းပြသခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top