Blogger Widgets

Saturday, 1 June 2013

ပြည်တွင်းလေကြောင်းမှ လေယာဉ်များ နိုင်ငံတကာအဆင့်မီရန် စစ်ဆေးမှုပြုလုပ်

ပြည်တွင်းလေကြောင်းပိုင် ခရီးသည်လေယာဉ်များ ၆ လအတွင်း မတော်တဆဖြစ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းကြောင့် လေကြောင်းပိုင် လေယာဉ်များကို အင်တာနေရှင်နယ် Standard ဖြစ်အောင် အမြဲစစ်ဆေးမှု ပြုလုပ်လျက်ရှိကြောင်း လေကြောင်းညှိနှိုင်းမှု ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဝင့်ကျော်က ပြောသည်။
“အခု မိုင်းဆက်လေယာဉ်ကွင်းမှာ လမ်းချော်သွားတဲ့ MAI ကို ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးတုန်းပါ။ ပြည်သူတွေ လေယာဉ်စီးရမှာ ကြောက်တယ်ဆိုရင်လည်း သဘောပေါ့။ ကျွန်မတို့ဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ထားပါတယ်။ လေယာဉ် မတော်တဆကတော့ အစ်မတို့ နိုင်ငံတစ်ခုထဲမှာပဲ ဖြစ်နေတာ မဟုတ်ပါဘူး။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာလည်း ဖြစ်တတ်ပါတယ်။
အခုဖြစ်တာတွေကို စုံစမ်းစစ်ဆေးပြီးတော့ ဘာကို ဆက်လုပ်သွားမယ် ဆိုတာကို စဉ်းစားရမှာပေါ့။ အဲဒီထဲကမှ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ရမှာပါ။ လေယာဉ်တွေကိုလည်း အင်တာနေရှင်နယ် Standard ဖြစ်အောင် စစ်ဆေးမှုတွေ အမြဲပြုလုပ်နေပါတယ်။ ဒါပေမဲ့ အားနည်းတဲ့ အပိုင်းလည်း ရှိတာပေါ့” ဟု ၎င်းက ပြောသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့တွင် ဟဲဟိုးလေဆိပ်အနီး၌ အဲပုဂံပျက်ကျပြီး လူနှစ်ဦး သေဆုံးခဲ့သည်။ တစ်ဖန် ၂၀၁၃ ခုနှစ် မေ ၁၆ ရက်တွင် မြန်မာ့လေကြောင်းမှ MA 60 လေယာဉ်သည် မိုင်းဆတ်လေယာဉ်ကွင်း သို့ ဆင်းသက်စဉ် ဘရိတ်စနစ် ချို့ယွင်းမှုကြောင့် ပြေးလမ်းကျော်ဆင်းခဲ့၍ လူနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။
မြန်မာ့ လေကြောင်းသည် Embraer 190 လေယာဉ် မဆင်းသက်နိုင်သော လေယာဉ်ကွင်းအတွက် ATR 12- 600 လေယာဉ်ကို ဝယ်ငှားစနစ်ဖြင့် ပြေးဆွဲရန် စီစဉ်ထားကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top