နေပြည်တော်တွင် ကျင်းပမည့်(၂၂) ကြိမ်မြောက်
ကမ္ဘာ့စီးပွားရေး ဖိုရမ်ကြောင့် နိုင်ငံတကာ စီးပွားရေး၊ လူမှုရေး၊
နိုင်ငံရေးခေါင်းဆောင်များ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး
အခြေအနေမှန်များကို သိရှိသွားမည်ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ပြောကြားသည်။
ပြုပြင်ပြောင်းလဲရေး အစီအစဉ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍတို့ကို အဆင့်လိုက် ပြုပြင်ပြောင်းလဲသွားမည်ကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက မေလ ၃၁ ရက်နေ့က ရန်ကုန်မြို့တော် Traders Hotel တွင် ပြုလုပ်သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်အကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ပြသ၍ နိုင်ငံတကာ အတွေ့အကြုံနှင့် အာရုံစိုက်မှုများ ရရှိရန်၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက် လုပ်ကိုင်နိုင်ရန်၊ ပြုပြင်ပြောင်းလဲရေး အခြေအနေများ တင်ပြနိုင်ရန်၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောဆိုသည်။
“နိုင်ငံတကာကနေ မီဒီယာတွေ အများကြီးတက်မယ်။ သူတို့ကနေတစ်ဆင့် အရမ်းခိုင်မာတဲ့ ပုံစံနဲ့သွားနေတယ်ဆိုတာ ကမ္ဘာကသိသွားမယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ရေရှည်အကျိုးအမြတ်ကို ဦးစားပေးထားခြင်းဖြစ်ပြီး ချက်ချင်းအကျိုးကျေးဇူး ရရှိနိုင်မည် မဟုတ်သော်လည်း စီးပွားရေးနှင့် လူမှုရေး ပြဿနာများကို ဖြေရှင်းနိုင်မည့် အဖြေအချို့ ရနိုင်ကြောင်း ကမ္ဘာ့စီးပွားရေး ဖိုရမ်ကျင်းပရေး အဖွဲ့အကြီးတန်း ဒါရိုက်တာ Shukant Palakurthi Rao က ပြောကြားသည်။
“ဒီပွဲကို စီးပွားရေး ခေါင်းဆောင်တွေချည်းပဲ တက်မှာမဟုတ်ဘူး။ နိုင်ငံရေး ခေါင်းဆောင်တွေပါ တက်ကြမှာ။ အဲဒီခေါင်းဆောင်တွေကို ဒီတိုင်းပြည်က အခြေအနေမှန်တွေ မြင်တွေ့ခွင့်ပေးပြီး အကျိုးအမြတ်တွေ၊ အရင်းအမြစ်တွေ ရယူသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
(၂၂) ကြိမ်မြောက် အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ်သည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ပြီး သမိုင်းတစ်လျှောက် စံချိန်တင်အများဆုံး ဧည့်သည်အရေအတွက်ဖြစ်သော နိုင်ငံတကာမှ စီးပွားရေး၊ နိုင်ငံရေး နယ်ပယ်များမှ ထိပ်ပိုင်းခေါင်းဆောင် ၉၀၀ ကျော် တက်ရောက်မည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့စီးပွားရေးဖိုရမ် ကျင်းပနိုင်ရန် ၂၀၁၂ ခုနှစ် ဆွမ်ဇာလန် နိုင်ငံဒါဗို့စ် စီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံက ကမ်းလှမ်းခဲ့ပြီး တစ်နှစ်ခွဲခန့် အချိန်ယူပြင်ဆင်ခဲ့သည်။
အဆိုပါ ဖိုရမ်နှင့်အတူ ကမ္ဘာတစ်ဝန်းမှ လူငယ်ခေါင်းဆောင် ၂၀၀ ကျော် တက်ရောက်မည့် ကမ္ဘာ့လူငယ်ခေါင်းဆောင်များ နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး (Young Global Leaders Annual Summit- YGLS) ကိုလည်း ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ဇွန်လ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အဆိုပါ အစည်းအဝေးမှ လူငယ်ခေါင်းဆောင်များသည် နေပြည်တော်တွင်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ ဆက်လက် တက်ရောက် မည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၃ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :
Post a Comment