Blogger Widgets

Saturday, 29 June 2013

ငြိမ်းချမ်းရေး လုပ်ငန်းများ ဖော်ဆောင်နိုင်ရန်အတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သမ္မတဦးသိန်းစိန်ထံ သ၀ဏ်လွှာပေးပို့

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူနိုင်ရန် နိုင်ငံတော် သမ္မတထံသို့ သ၀ဏ်လွှာ ပေးပို့ထားကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
''နိုင်ငံတော် အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်လျက် ရှိပါတယ်။ သို့ရာတွင် အချို့သော အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းရာတွင် အောင်မြင်မှု ရရှိခဲ့သော်လည်း အချို့သော ကိစ္စများတွင် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်ခြင်းကြောင့် ပြည်သူအတွင်း၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တင်ပြလာမှုများ ရှိနေပါတယ်။ အဆိုပါ ကိစ္စများကို အလေးအနက်ထား ဆွေးနွေးရန် လိုအပ်ပါသဖြင့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို အမြန်ဆုံး ခေါ်ယူနိုင်ရန် ဇွန် ၂၅ ရက်က သ၀ဏ်လွှာ ပေးပို့ခဲ့ပါသည်'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။
လက်ရှိတွင် လွှတ်တော်တွင်း၌လည်း ငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ကိစ္စများအတွက် အဓိက လိုအပ်သည့် နိုင်ငံသား၏ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၊ တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီများကို ဖွဲ့စည်းထားကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးများ အပြည့်အ၀ ရရှိခြင်းနှင့် တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိနိုင်မည်ဟုလည်း ပြောကြားသည်။
နိုင်ငံတွင်း ငြိမ်းချမ်းရေး နယ်မြေဟု သတ်မှတ်ထားသည့် နေရာအချို့မှာ လက်ရှိ အချိန်အထိ ငြိမ်းချမ်းရေး မရရှိသေးကြောင်း ၎င်း၏ ဒေသတွင် ဖြစ်ပျက်နေမှုများအား ဥပမာပြု၍ ပြောကြားသည်။
နိုင်ငံတော်သမ္မတက သ၀ဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ခဲ့ပြီး ဇွန် ၂၈ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီတို့က ရှင်းလင်းပြောကြားသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ၀န်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၀န်ကြီး စသည်ဖြင့် ဖွဲ့စည်းထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top