Blogger Widgets

Saturday, 29 June 2013

တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင်သွားမည်

နိုင်ငံတော်အတွင်း တရားဥပဒေ စိုးမိုးရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အဆင့်မြှင့်တင် သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ဇွန် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် စီမံကိန်းကော်မရှင် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတမှ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့သည် အဓိက ကျသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကမ္ဘာအဆင့်မီ ရဲတပ်ဖွဲ့ဖြစ်အောင် ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ရဲတပ်ဖွဲ့များ၏ တရားဥပဒေနှင့် ညီညွတ်သော လုပ်ထုံးလုပ်နည်းများကို နမူနာ ယူကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ရှေ့နေဦးခင်ဇော် (မရမ်းကုန်း) မှ ''တရားဥပဒေစိုးမိုးမှု အားနည်းခဲ့တဲ့ အတွက် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရတယ်။ အခုလို လုပ်သင့်တာ ကြာပါပြီ။ ရဲတပ်ဖွဲ့ဆိုတာ တရားဥပဒေ စိုးမိုးရေးရဲ့ လုံခြုံရေးပိုင်းကို တာဝန်ယူထားတော့ ရုပ်ပိုင်းဆိုင်ရာတင် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာတွေပါ ပြုပြင်သွားသင့်တယ်'' ဟု ပြောကြားသည်။
တရားဥပဒေ စိုးမိုးမှု အခြေအနေ အောက်ဆုံးအဆင့်၌ ရောက်ရှိနေသော မြန်မာနိုင်ငံအား ကူညီဆောင်ရွက်ပေးနိုင်ရန် ရဲချုပ်၊ ရှေ့နေချုပ် စသည့် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု ထိတွေ့ဆက်ဆံမှုများ ရှိနေကြောင်း အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ အသွင်ကူးပြောင်းစ နိုင်ငံများတွင် တရားဥပဒေ စိုးမိုးရေး ပညာရှင် Ms.Leanne Mckay မှ ပြောကြားသည်။ ပြည်သူ့လွှတ်တော်မှ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီကို ၂၀၁၂ ခုနှစ် သြဂုတ်လတွင် စတင်ဖွဲ့စည်း ခဲ့သော်လည်း အကြံပြုနိုင်သည့် အဆင့်သာ ရှိကြောင်း နိုင်ငံတကာမှ တရားဥပဒေ စိုးမိုးရေး ပညာရှင်များမှ သုံးသပ်ထားသည်။
တရားဥပဒေ စိုးမိုးမှု မရှိခြင်းမှာ ပြည်တွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားနေရခြင်း အပါအ၀င် နိုင်ငံတွင်း ဖြစ်ပွားနေသည့် ပြဿနာများ၏ အဓိက အကြောင်းအရင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top