ကမ္ဘာမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု
အများဆုံးနိုင်ငံဖြစ်တဲ့ အာဖဂါနစ္စတန် နိုင်ငံနဲ့
ယှဉ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံမှာဘိန်းစိုက်ပျိုးမှုနဲ့
ရပ်တည်နေထိုင်စားသောက်နေရတဲ့ လူဦးရေဟာ တစ်သိန်းနီးပါးလောက်
ပိုများနေကြောင်း UNODC အဖွဲ့ရဲ့ မြန်မာနိုင်ငံ တာဝန်ခံ
တစ်ဦးဖြစ်တဲ့ မစ္စတာ ဂျေဆန်အဲလစ်ရှ် က ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ
ဘိန်းစိုက်ပျိုးရေး လုံးဝပပျောက်သွားဖို့ အတွက် နိုင်ငံတကာအဖွဲ့
အစည်းတွေကနေပြီး လာရောက်ကူညီပေးဖို့ဆိုရင်လည်း
နယ်မြေဒေသငြိမ်းချမ်းရေးဟာ အဓိကဖြစ်နေတယ်လို့ လည်း မစ္စတာ
ဂျေဆန်အဲလစ်ရှ် က ထောက်ပြ ပြောဆိုသွားပါတယ်။
အဲ့ဒါအပြင်
ဘိန်းထွက်ရှိမှုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံဟာ
ဒုတိယအများဆုံးနိုင်ငံမှာရှိနေပြီး ရှမ်းပြည်နယ်ရဲ့
ဘိန်းစိုက်ပျိုးမှုဟာ တစ်နိုင်ငံလုံးရဲ့ ဘိန်းစိုက်ပျိုးမှုရဲ့ ၉၀
ရာခိုင်နှုန်းကျော်မှာ ရှိနေတယ်လို့ သိရပါတယ်။
RCSS နဲ့
UNODC တို့ဆွေးနွေးမှုတွေအရ ရှမ်းပြည်နယ်အတွင်းမှာ
ဘိန်းစိုက်ပျိုးမှု တိုက်ဖျက်ရေးကို အကောင်အထည်
ဖော်သွားကြမှာဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS
ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် က သတင်းစာရှင်းလင်းပွဲမှာ
ရှမ်းဘာသာနဲ့ ပြောဆိုခဲ့တာကို စကားပြန်က အခုလို
ပြန်လည်ပြောဆိုခဲ့ပါတယ်။
“ယနေ့ ကျနော်တို့ UNODC
နဲ့လာဆွေးနွေးတာကလည်း ပြည်သူတွေအတွက် ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေ
အတွက် ကျနော်တို့ လာရောက်ပြီးတော့ ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ပါတယ်။
အခုဆိုရင် ကျနော်တို့ UNODC နဲ့ လက်တွဲပူးပေါင်းပြီးတော့ မိုးနဲ
နဲ့ မိုင်းပန် မှာ စံပြစီမံကိန်းတွေ လုပ်ဆောင်ဖို့အတွက်
ကျနော်တို့ ကွင်းဆင်းပြီးမှ လေ့လာနေပါပြီး။”
အခုဆိုရင် UNODC
အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းဒေသတွေမှာ အရင်ဆုံး
ဘိန်းတိုက်ဖျက်ရေးကို ဦးစားပေး လုပ်ဆောင်နေပြီဖြစ်သလို
မိသားစုတွေရဲ့ စားဝတ်နေရေးတွေကိုလည်း ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့က
အကူအညီပေးနေတယ်လို့ သိရပါတယ်။
RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး
ယွက်စစ် ဦးဆောင်တဲ့ အဖွဲ့ဟာ ဇွန်လ ၁၂ ရက်နေ့ ညပိုင်းမှာလည်း
ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ ဥရောပ-မြန်မာရုံးက စပ်ဟန်ညောင်ရွှေ၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ်က ဦးခွန်ထွန်းဦး၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်း၊
ရှမ်းပြည်တိုးတက်ရေးပါတီ နာယက ဗိုလ်ချူပ်ဆေထင် တို့နဲ့
သီးသန့်တွေ့ဆုံခဲ့သေးတယ် လို့လည်း သိရပါတယ်။
ဒီကနေ့ မှာတော့
၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ တိုင်းရင်းသား
ပါတီတွေ၊ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်းတို့နဲ့
ရွှေဂုံတိုင် တော်ဝင်ပုလဲနှင်းဆီ ခန်းမမှာ
တွေ့ဆုံကြဖို့ရှိတယ်လို့ ရေဒီယို သြစတေးလျ သတင်းထောက်
သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments :
Post a Comment