သန်းလှိုင် (စစ်တွေ)
မတ် ၂၇ ရက် နံနက်က စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ဂေါက်ရီလမ်းတွင်
ပြဿနာမဖြစ်ပေါ်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည်ကို တွေ့ရစဉ်
စစ်တွေမြို့ရှိ INGO နှင့် NGO များ ငှားရမ်းနေထိုင်သော နေအိမ်များကို
ခဲဖြင့် ပစ်ပေါက်မှု ဆက်တိုက် ဖြစ်ပွားပြီးနောက် မတ် ၂၇ ရက်တွင် ပုဒ်မ ၁၄၄
အား အချိန်တိုးမြှင့် သတ်မှတ်လိုက်ကြောင်း သိရသည်။
စစ်တွေမြို့တွင် မတ် ၂၆ ရက် ညပိုင်းက လူစုလူဝေးဖြင့် INGO နှင့် NGO
များ ငှားရမ်းနေထိုင်သော နေအိမ်များကို ခဲဖြင့် ပစ်ပေါက်မှုများ
ဖြစ်ပေါ်ခဲ့ပြီးနောက် မတ် ၂၇ ရက်တွင်လည်း ခဲဖြင့်ပစ်ပေါက်မှုများ
ဆက်လက်ဖြစ်ပွားခဲ့သည်။
ခဲဖြင့် ပစ်ပေါက်မှု ဖြစ်ပွားရခြင်းမှာ INGO တစ်ခုမှ
နိုင်ငံခြားသူတစ်ဦးက သာသနာ့ အလံကို ခါးတွင်ပတ်ပြီး လမ်းလျှောက်ခဲ့သဖြင့်
ဗုဒ္ဓဘာသာ ရခိုင်တိုင်းရင်းသားများက မကျေမနပ်ဖြစ်ကာ လူစုလူဝေးဖြစ်ပေါ်ပြီး
ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်သည် မတ် ၂၆ ရက် ည ၁၂ နာရီခန့် ပြီးစီးသွားသော်လည်း မတ် ၂၇
ရက် နံနက် ၉ နာရီခန့်တွင် ကျောင်းတက်လမ်းရပ်ကွက်၊ ဂေါက်ရီလမ်းရှိ
နိုင်ငံခြားသားများ တည်းခိုနေသော နေအိမ်ရှေ့သို့ ဒေသခံများ
ထပ်မံရောက်ရှိလာပြီး ခဲများဖြင့် ပစ်ပေါက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။
သက်ဆိုင်ရာက တာဝန်ယူ ထိန်းသိမ်းခဲ့သော်လည်း နိုင်ငံခြားသားများအား
ငှားရမ်းထားသည့် အခြားအိမ်များကိုလည်း ခဲများဖြင့် ပစ်ပေါက်ခဲ့မှုကြောင့်
လက်နက်ကိုင်တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး
ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က“မင်းဘာကြီးလမ်းမှာ INGO အဖွဲ့က
ငှားရမ်းနေထိုင်တဲ့ အိမ်မှာ သာသနာ့အလံ လွှင့်ထားတာရှိတယ်။ အဲဒီမှာ
နိုင်ငံခြားသူ အမျိုးသမီးက သာသနာ့ အလံကို ဖြုတ်လိုက်တယ်။ အဲဒီလို
ဖြုတ်လိုက်တာကို လမ်းသွားလမ်းလာတွေက မြင်တယ်။ အဲဒါကိုပြောကြဆိုကြတော့
လူတွေများလာတယ်။ နောက်တော့ အဲဒီဂိုဒေါင်မှာရှိတဲ့ နိုင်ငံခြားသူနဲ့
သူ့ယောက်ျားကို ထုတ်ပေးဖို့ ဒေသခံတွေက ပြောလာတော့ ခဲနဲ့ပေါက်တာတွေ
ဖြစ်လာတယ်။ ဒါကြောင့် ရဲတွေကခေါ်ပြီး ရဲရိပ်သာမှာ စောင့်ရှောက်ထားပေးခဲ့တယ်။
အဲဒီအချိန်မှာပဲ ည ၉ နာရီလောက်မှာ Malteser ရုံးတွေအပြင်
တခြားရုံးတွေကိုလည်း ခဲနဲ့ပစ်ပေါက်မှုတွေ ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ
လူအုပ်က များလာတော့ ရဲတွေက အဓိကရုဏ်းနှိမ်နင်းတဲ့ လက်နက်တွေ ပစ်ဖောက်ပြီး
လူစုခွဲခဲ့ရတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ သိရတယ်။ အခုဖြစ်စဉ်ကို
ကြည့်ရတာတော့ သာသနာ့အလံကိစ္စလို့တော့ ထင်တာပဲ။ အရင်က AZG
ကိုထွက်သွားဆိုတာလည်း ရှိနေတယ်။ အခုလည်း သာသနာ့အလံကို ဖြုတ်တယ်ဆိုတာ
အိမ်ရှင်က သူ့အိမ်မို့ သာသနာ့အလံထောင်တာ ဖြုတ်စရာအကြောင်းမရှိဘူး ထင်တယ်။
နိုင်ငံခြားသူကလည်း သာသနာ့အလံကို ဘယ်အတိုင်းအတာအထိ လုပ်ခဲ့တယ်ဆို သူတို့ကို
မေးမြန်းရဦးမယ်” ဟု ပြောကြားသည်။
မတ် ၂၇ ရက် မွန်းလွဲပိုင်းတွင်လည်း ကျောင်းတက်လမ်းရပ်ကွက်မှ
နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းထားသည့် အိမ်တစ်အိမ်ကို ဒေသခံများက
ခဲဖြင့် ပစ်ပေါက်သည့်အပြင် အိမ်အတွင်းပစ္စည်းများကိုလည်း ၀င်ရောက်ဖျက်ဆီးမှု
ရှိခဲ့ကြောင်း သိရသည်။
စစ်တွေမြို့၌ မတ် ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သော လူစုလူဝေးဖြစ်ပေါ်မှုတွင်
ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲခဲ့သဖြင့် အသက် ၁၁ နှစ်အရွယ်
မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသော်လည်း ထိုသတင်းအတွက်
သက်ဆိုင်ရာတာဝန်ရှိသူများထံမှ အတည်ပြုချက် ရရှိခဲ့ခြင်း မရှိပေ။
နိုင်ငံခြားအဖွဲ့အစည်းများ ငှားရမ်းနေထိုင်သော နေအိမ်များကို
ခဲများပစ်ပေါက်ခဲ့မှုနှင့် ပတ်သက်၍ စစ်တွေမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ
ဦးသန်းထွန်းက “သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာထည့်မယ် ကိစ္စအပေါ်
ဒေါသထွက်နေတာ ရှိတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသူတစ်ယောက်က သာသနာ့အလံကို
မဖွယ်မရာလုပ်တဲ့ ကိစ္စကို ဒေါသမထွက်တဲ့လူ ရှိမှာမဟုတ်ဘူး။ တကယ်တော့
ဒီကိစ္စတွေဟာ သန်းခေါင်စာရင်း မစတင်မီ INGO တွေကပဲ သွေးထိုးလှုံ့ဆော်မှုတွေ
လုပ်နေတာလို့ မြင်တယ်။ ၂၀၁၂ ပဋိပက္ခကလည်း INGO တွေ ကြောင့်ဖြစ်လာသလို အခု
သန်းခေါင်စာရင်း ကောက်မယ့်ကိစ္စမှာလည်း INGO တွေက လှုံ့ဆော်နေတယ်လို့
သုံးသပ်မိပါတယ်” ဟု ပြောကြားသည်။
အလံဖြုတ်ယူခဲ့သူ အမျိုးသမီးမှာ အမေရိကန်နိုင်ငံသူ Ms.Y Vonne Dunton (PP
No.214488402) ဖြစ်ပြီး Melteser အဖွဲ့မှ ဖြစ်သည်ဟု သိရသည်။ ၎င်းပြုမူခဲ့သော
အပြုအမူအတွက် မည်သို့ ဆက်လက်ဆောင်ရွက်ရန် ရှိသည်ကို ပြည်နယ်အစိုးရ
တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
၂၀၁၃ ခုနှစ် ဧပြီ ၃၀ ရက် နံနက်ပိုင်းက ဥက္ကံမြို့ အနော်ရထာရပ်ကွက်
ဥက္ကံဈေးအတွင်း အသက် ၁၁ နှစ်အရွယ် ကိုရင်လေး ရှင်ပုည၏ သပိတ်ကို
ဥက္ကံမြို့ပါးနီပြင်ကျေးရွာမှ အစ္စလာမ်ဘာသာဝင် မ၀င်းဝင်းစိန်က ၀င်တိုက်မိရာမှ
ကိုရင်လေး၏ သပိတ်ကျကွဲပြီး ဥက္ကံ ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဥက္ကံပဋိပက္ခကို စတင်စေခဲ့သူ အစ္စလာမ်ဘာသာဝင်
မ၀င်းဝင်းစိန်နှင့် မခင်မာသိန်းတို့ နှစ်ဦးအား သာသနာတော် ညှိုးနွမ်းစေမှု
ပုဒ်မ ၂၉၅ (က) ဖြင့် တိုက်ကြီးမြို့နယ် တရားရုံးက ၂၀၁၃ ခုနှစ် ဇွန် ၅
ရက်တွင် ထောင်ဒဏ် နှစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
သို့ဖြစ်ရာ ပဋိပက္ခ ဖြစ်ပွားခြင်းအပေါ် အစိုးရတာဝန်ရှိသူများ
ကိုင်တွယ်ဖြေရှင်းရာ၌ တရားမျှတမှုအတွက် မေးခွန်းထုတ်စရာများ ရှိနေခြင်း၊
တရားဥပဒေစိုးမိုးမှုရှိစေရန် လုပ်ဆောင်ရာတွင် အားနည်းမှုများ
ရှိနေခြင်းကြောင့် အခြေအနေများမှာ ပိုမိုဆိုးရွားစွာ
ဖြစ်ပေါ်လာလေ့ရှိကြောင်း ပြည်သူများအကြား သုံးသပ်ဝေဖန်မှုများ ရှိနေသည်။
ယခုဖြစ်စဉ်များကြောင့် စစ်တွေမြို့တွင် ယခင်သတ်မှတ်ထားသည့်
ညမထွက်ရအမိန့် ည ၁၂ နာရီမှ နံနက် ၄ နာရီအစား ည ၆ နာရီမှ နံနက် ၆ နာရီသို့
ပြန်လည်ပြင်ဆင်ခဲ့ကြောင်း သိရသည်။
စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ပတ်သက်၍
နိုင်ငံတော်အစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးဖော်ထုတ်၍
လိုအပ်သော အရေးယူမှု ပြုလုပ်သွားမည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက
မြန်မာ့ရုပ်မြင်သံကြားမှတစ်ဆင့် မတ် ၂၇ ရက် ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

No comments :
Post a Comment