Blogger Widgets

Thursday, 27 March 2014

လျှပ်စစ်မီတာခ တစ်ယူနှစ် ၃၅ကျပ် ပြန်လည် သတ်မှတ်ပေးရန် ခွင့်ပြုချက်မတောင်းဘဲ ဆန္ဒပြ

ရန်ကုန်၊ မဇ္ဈိမ။ ။ လာမည့် ဧပြီလ ၁ရက်မှ စတင်၍ လျှပ်စစ်မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဖယောင်းတိုင်မီးများ ထွန်းညှိ၍ ဆန္ဒထုတ်ဖော်မှုကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် မတ်လ ၂၆ ရက်က ပြုလုပ်ခဲ့သည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် မီတာခကို သုံးစွဲသည့် ယူနစ်အားလုံးအတွက် တယူနစ်လျှင် ၃၅ ကျပ်နှုန်းထားပေးရန်၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး ပြုလုပ်ပေးရန်နှင့် ပြည်သူလူထု၏ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေး ပါရန်တို့ကို တောင်းဆိုခဲ့သည်။

ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ တသီးပုဂ္ဂလ နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးဝင်းချို က “လျှပ်စစ် မီတာခ ဈေးတတ်တာက လူထုဆန္ဒကို အလေးထားတယ်လို့ မယူဆလို့ ပြည်သူ့ဆန္ဒကို ထုတ်ဖော်ပြတာ၊ ဥပဒေတခုထုတ်ပြန်ရင် အကျိုးသက်ရောက်မှုကို တိုက်ရိုက်ခံစားရတဲ့ ပြည်သူတွေကို အသိမှတ်ပြုစေချင်တဲ့ ဆန္ဒကိုဦးတည်ပြီးတော့ ဆန္ဒပြခြင်းဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို တသီးပုဂ္ဂလ နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဦးဝင်းချို၊ Generation Wave၊ လူ့ဘောင်သစ် လူငယ်အဖွဲ့ ၊ဒီမိုကရေစီအင်အားစု အဖွဲ့များနှင့်အတူ အခြားအဖွဲ့အစည်းများ စုစုပေါင်း လူအင်အား ၃၀ခန့် ပါဝင်ခဲ့ကြပြီး ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုချက် ရယူခဲ့ခြင်း မရှိသည့်အတွက် ကျောက်တံတားမြို့နယ်ရဲစခန်းက လာရောက်တားမြစ်ခဲ့သော်လည်း ဆက်လက် ပြသခဲ့ပြီး တစ်နာရီခန့် ကြာခဲ့သည်။

ဆန္ဒပြပွဲတွင် လူ့ဘောင်သစ်လူငယ်အဖွဲ့က ထုတ်ပြန်ခဲ့သော သဘောထားကြေငြာချက်တွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံ့မှုများ၊ လောင်စာရောင်းချနေမှုများနှင့် ပတ်သက်သော သဘောတူစာချူပ်များ၊ ရပိုင်ခွင့်များ၊ အကျိုးအမြတ်များကို တင်ပြရန်နှင့် အဆိုပါ အကျိုးအမြတ်များအပေါ် ခွဲဝေအသုံးပြုမှု ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးရန်၊ မျှတဆီလျှော်စွာ ခွဲဝေရန်တို့ ပါဝင်သည်။

လျှပ်စစ်မီတာခများကို တိုးမြှင့် ကောက်ခံရာတွင် အိမ်သုံးမီတာများကို ယူနစ် တစ်ရာအထိ ၃၅ကျပ်၊ ယူနစ် ၁၀၁မှ ၂၀၀အထိကို ၄၀ကျပ် နှင့် ၂၀၁ ယူနှစ်မှ အထက်ကို ၅၀ကျပ်ပေးဆောင်ရမည်ဖြစ်ကာ စက်မှုလုပ်ငန်းသုံးအနေဖြင့် ယူနစ် ၅၀၀ အထိ ၇၅ကျပ်၊ ယူနစ် ၅၀၁မှ တစ်သောင်းအထိ ကျပ်၁၀၀၊ တသောင်းယူနစ်မှ ငါးသောင်းအထိ ၁၂၅ကျပ်၊ ၃သိန်း၁ယူနစ်မှ အထက်ကို ကျပ်၁၀၀ ပြောင်းလဲ၍ သတ်မှတ်ကာ၊ လာမည့်ဘဏ္ဍာနှစ်အစ ဧပြီတစ်ရက်နေ့တွင် ပြောင်းလဲသတ်မှတ်သည့် နှုန်းထားအတိုင်း ကောက်ခံရန် ပြည်တောင်စုလွှတ်တော် အစည်းအဝေးက မတ်လ ၁၉ရက်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မီတာခ တိုးမြှင့် ကောက်ခံရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း အစိုးရက ပြောကြားခဲ့ပြီး နောက်ပိုင်း ရန်ကုန်နှင့်မန္တလေးတွင် ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည့် နောက်ပိုင်းတွင် မီတာခ တိုးမြှင့် ကောက်ခံခြင်းကို ယခုဘဏ္ဍာနှစ်အတွင်း မကောက်ခံတော့ဟု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက လွှတ်တော်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကြယ်ပြာ
Mizzima - News in Burmese

၂ဝ၁၄ခုနှစ် ဧပြီလမှ စတင်ပြီး လျှပ်စစ်မီးတာခ တိုးမြှင့်ကောက်ခံမည်နှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်ခြင်းကို မတ်လ ၂၆ရက် ညပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှ စတင်ကာ မဟာဗန္ဗုလမ်းအတိုင်း လမ်းလျှောက် ဆန္ဒပြနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်)

No comments :

Post a Comment

Blogger Widgets
Back to Top