မိုင်လီဆိုင်းရပ်စ်၏ နယ်လှည့်ဖျော်ဖြေပွဲများအတွက် အသုံးပြုသော
ဘတ်စ်ကားတစ်စင်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ တနင်္လာနေ့က
ယင်းကဲ့သို့ မီးလောင်မှု ဖြစ်ပွားခဲ့သော်လည်း တစ်စုံတစ်ဦးမျှ
ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း မိုင်လီ၏ ညီမငယ် နိုအာဆိုင်းရပ်စ်က
ပရိသတ်များထံ အသိပေးခဲ့သည်။ Wrecking Ball
စတား အဆိုတော်နှင့် သူမ၏ အဖွဲ့သည် နယူးအော်လန်သို့ ဦးတည်သွားနေရင်း
ဘတ်စ်ကားတစ်စင်း မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။ မိုင်လီသည် သူမ၏ Bangerz
ဖျော်ဖြေပွဲ နယ်လှည့် အစီအစဉ်အတွက် ယာဉ်တန်းဖြင့် ခရီးသွားနေခြင်းဟု
သိရသည်။
မီးလောင်မှု ဖြစ်ပွားသည့် ဘတ်စ်ကားပေါ်တွင် နိုအာနှင့် သူမ၏ မိခင်တို့ ရှိနေကြောင်းလည်း သတင်းများက ဆိုသည်။ သို့သော်လည်း အသက် (၁၄) နှစ်ရှိ နိုအာက မည်သူမျှ အနာတရ မဖြစ်ခဲ့ကြောင်း Instagram တွင် ရေးသားခဲ့သည်။ အသက် (၂၁) နှစ်ရှိ မိုင်လီကလည်း နောက်ပိုင်းတွင် မိမိ၏ ဖျော်ဖြေပွဲယာဉ်တန်း မီးလောင်မှုနှင့် ကြုံခဲ့သည်ကို ဝန်ခံ အတည်ပြုခဲ့သည်။ “ဟုတ်ပါတယ်။ လူတိုင်းတော့ ဘေးကင်းတယ်။ ဘယ်သူမှ ဒဏ်ရာမရခဲ့ဘူး။ အားလုံး အဆင်ပြေပါတယ်” ဟု မိုင်လီက Twitter တွင် ရေးသားခဲ့သည်။ TMZ သတင်းဌာနက အဆိုပါ မီးလောင်မှုသည် ဘီးပေါက်ကွဲရာမှ အစပြုခဲ့ခြင်းဟု ဖော်ပြခဲ့သည်။

အစောပိုင်းတွင် မိုင်လီ၏ ပရိသတ်များက ဘတ်စ်ကားပေါ်တွင် မိုင်လီ၏ လျှပ်ပေါ်လော်လီသော ဖက်ရှင်ပုံရိပ်များ ရေးခြယ်ထားသည်ကို အစွန်းရောက် ဒေသခံ အချို့က မကျေနပ်ဘဲ မီးတင်ရှို့ခြင်းဟု ခန့်မှန်းခဲ့ကြသော်လည်း ယင်းမှာ သတင်းမှားသာ ဖြစ်ကြောင်း TMZ က ရေးသားသွားသည်။

No comments :
Post a Comment