Blogger Widgets

Thursday, 20 March 2014

ထိုင်းရောက် ဗီဇာသက်တမ်းကုန် မြန်မာလုပ်သားသိန်းချီ သက်တမ်းထပ်တိုးခွင့်ပြု

အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်းလေးနှစ် ကုန်ဆုံးနေသော မြန်မာလုပ်သား သိန်းနှင့်ချီ ရှိနေသည့် ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားများကို မတ်လမှ စတင်ကာ ဗီဇာသက်တမ်း ထပ်မံတိုးပေးနေပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောကြားသည်။

ဗီဇာသက်တမ်း တိုးရာတွင် မှတ်ပုံတင်နှင့် အိမ...
်ထောင်စုစာရင်း မိတ္တူ၊ ယာယီ နိုင်ငံကူးလက်မှတ် မိတ္တူ၊ အလုပ်ခေါ်စာ၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်၊ ကိုယ်စားလှယ်လွှဲစာ၊ နိုင်ငံခြားသား လုပ်သားလျှောက်လွှာ၊ ထိုင်းအလုပ်ရှင် အမည်ပါသော အလုပ်လုပ်ခွင့် လက်မှတ်မိတ္တူ အပါအဝင် အချက် ၁၀ ချက် လိုအပ်ကြောင်း ၎င်းကဆိုသည်။

ဗီဇာသက်တမ်းတိုးရန် ဘတ် ၁၆၀၀ ကုန်ကျမည်ဖြစ်ပြီး သက်တမ်းတိုးရန် ဆောင်ရွက်စဉ် ဘတ် ၅၀၀ သွင်းထားရမည်ဖြစ်ကာ နိုင်ငံကူးလက်မှတ် ထုတ်ယူသည့်အခါ ဘတ် ၁၀၃၀ ပေးရမည် ဖြစ်ကြောင်း၊ နယ်စပ်ရှိ One Stop Service Center ၌ ပြည်ပအလုပ်အကိုင် သက်သေခံကတ်ပြား ထုတ်ချိန်တွင် ဘတ် ၇၀ ပေးရမည် ဖြစ်ကြောင်း ဦးကျော်ကျော်လွင်က ပြောဆိုသည်။

One Stop Service Center များကို မဲဆိုင်၊ မဲဆောက်၊ ရနောင်းတို့တွင် ဖွင့်လှစ်ထားပြီး ဗီဇာသက်တမ်းတိုးရေး လုပ်ငန်းစဉ်များကို လွန်ခဲ့သည့် ရက်သတ္တတစ်ပတ်ခန့်ကပင် စတင်နေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထိုင်း၏ မူဝါဒအရ လေးနှစ်အလုပ် လုပ်ကိုင်ပြီးသည့် ရွှေ့ပြောင်း လုပ်သားများသည် မူရင်းနိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းနိုင်ငံသို့ ထပ်မံလာရောက် လုပ်ကိုင်ခွင့်ရှိသည်။

ဗီဇာသက်တမ်းထပ်တိုးရေ လုပ်ငန်းစဉ်တွင် ယာယီနိုင်ငံကူး လက်မှတ်အစား နိုင်ငံကူးလက်မှတ် (စာအုပ်နီ) ပြောင်းလဲ လုပ်ဆောင်ရမည်ဖြစ်ပြီး ယာယီနိုင်ငံကူး လက်မှတ် ထုတ်ယူစဉ်က ပြုလုပ်ခဲ့သည့်အတိုင်း အထောက်အထားများကို တင်ပြရမည် ဖြစ်သဖြင့် အချိန်၊ ငွေကြေးများစွာ ကုန်ကျနိုင်ကာ ရှုပ်ထွေးမှုများ ဖြစ်လာနိုင်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိန်ဌေးက ပြောကြားသည်။

တရားမဝင် မြန်မာများ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အလုပ်ရှင်၊ လုပ်သား ကိုယ်တိုင် လုပ်ဆောင်၍ မရသဖြင့် ပွဲစားများကိုသာ အသုံးပြုနေရ၍ ဘတ် ၁၀၅၀ သာ ကုန်ကျရမည့်အစား ဘတ် ၅၅၀၀ မှ ၈၅၀၀ ထိ ခေါင်းပုံ ဖြတ်ခံနေရကြောင်း ၎င်းကဆိုသည်။
“ပြန်စိစစ်မယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ ဒီအဆင့်တွေက မလိုအပ်တဲ့ အဆင့်တွေ။ အလုပ်ရှင်နဲ့ အလုပ်သမား ဆက်ပြီးတော့ အလုပ်ဆက်လုပ်ဖို့ သဘောတူညီကြောင်း ပြနိုင်ရင် သက်တမ်း တိုးပေးလိုက်ပြီးပြီလေ” ဟု ဦးစိန်ဌေးက ပြောဆိုသည်။

ဗီဇာသက်တမ်းကုန် မြန်မာလုပ်သား တစ်သိန်းဝန်းကျင်ရှိပြီး ယင်းအနက် တစ်သောင်းဝန်းကျင်မှာ အလုပ်ထုတ်ခံထားရပြီဖြစ်ကာ ဗီဇာသက်တမ်း ကုန်ဆုံးသည့် လုပ်သားများကို ဗီဇာသက်တမ်း တိုးပေးမည်ဟုဆိုကာ လိမ်လည်မှုများ၊ ထိုင်းရဲက ငွေညှစ်မှုများ၊ အလုပ်ဖြုတ်ခံရမှုများ ဖြစ်ပွားနေကြောင်း MWRN ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောဆိုထားသည်။

ဗီဇာသက်တမ်းကုန် မြန်မာများနေရပ် မပြန်ဘဲ အလုပ်ဆက်လုပ်ခွင့်ရရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံအစိုးရ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က ဆွေးနွေးခဲ့ရာ သုံးနှစ်နေရပ်ပြန်ရေး အစီအစဉ်ကို ဖြေလျှော့ခဲ့သည့်အပြင် ဗီဇာသက်တမ်းတိုးရန် နယ်စပ်တွင် ရုံးငါးရုံး ဖွင့်လှစ်ရန်ပါ သဘောတူခဲ့ကြသော်လည်း ထိုင်းနိုင်ငံရေး အရှုပ်အထွေးများကြောင့် ကြန့်ကြာခဲ့သည်။

ဗီဇာသက်တမ်းကုန် လုပ်သားများကို နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်း မလုပ်ဘဲ ယာယီနိုင်ငံကူး လက်မှတ်ကိုသာ သက်တမ်းတိုးပေးရန်၊ ဗီဇာ သက်တမ်းတိုးရန် ရုံးများကို နယ်စပ်တွင်သာမက ထိုင်းနိုင်ငံ အတွင်းတွင် ဖွင့်ပေးရန်၊ ဗီဇာသက်တမ်း တိုးရာတွင် ပွဲစားနှင့်မဟုတ်ဘဲ အလုပ်ရှင်၊ လုပ်သားကိုယ်တိုင် ပြုလုပ်နိုင်သည့် စနစ်ဖြင့် လုပ်ရန်နှင့် ကြာမြင့်ချိန်များကို တိတိကျကျ သတင်းထုတ်ပြန်ရန် MWRN က တောင်းဆိုထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top