Blogger Widgets

Saturday 6 July 2013

အင်းတော်ကြီးဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ ထိခိုက်နိုင်မည့် ဧရိယာ သတ်မှတ်ပြီးပါက တရားဝင် ရွှေတူးဖော်ခွင့်များ ခွင့်ပြုမည်မဟုတ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အတွင်းရှိ အင်းတော်ကြီးဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေဧရိယာ သတ်မှတ်ပြီးပါက ယင်းဧရိယာအတွင်း တရားဝင် ရွှေတူးဖော်ခွင့်များ ခွင့်ပြုခြင်း၊ ထောက်ခံခြင်းပြုမည် မဟုတ်ကြောင်း သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ဇူလိုင် ၅ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေး၌ ပြောကြားသည်။
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖေသောင်းက အင်းတော်ကြီးကန် အတွင်းသို့ စီးဝင်နေသော ခေါင်းတုန်းချောင်းတွင် တရားမ၀င် ရွှေတူးဖော်မှုများကြောင့် ကန်ဧရိယာ ဧကတစ်ရာခန့် သောင်ထွန်းမှု ဖြစ်ပေါ်နေပြီး ကန်ပတ်ဝန်းကျင်ရှိ လယ်မြေ ဧက ၅၀၀ ခန့် ပျက်စီးမှု ဖြစ်ပေါ်နေခြင်းကို ကာကွယ်တားမြစ်ပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆို တင်သွင်းထားမှုအား လွှတ်တော် ကိုယ်စားလှယ်လေးဦး ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စု အစိုးရကိုယ်စား သတ္တုတွင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်အောင်က ၀န်ကြီးဌာနများနှင့် ကချင်ပြည်နယ် အစိုးရ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြရာတွင် ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
အင်းတော်ကြီးဒေသသို့ မိုးညှင်းမြို့နယ်မှ သက်ဆိုင်ရာ တာဝန်ရှိသူများသည် ၂၀၁၃ ခုနှစ် ဧပြီလက ကွင်းဆင်း စစ်ဆေးခဲ့ပြီး ကန်အတွင်းသို့ စီးဝင်သည့် မိုင်းနောင်ကျေးရွာ အထက်သို့ စစ်ဆေးခဲ့ရာ တရားမ၀င် ရွှေတူးဖော်နေသည့် စက်ဆိုင်းလေးဆိုင်းနှင့် လုပ်ကိုင်နေသူများအား ဖမ်းဆီးအရေးယူရန် ကြိုးပမ်းသော်လည်း နယ်မြေမအေးချမ်းမှုကြောင့် လုံခြုံရေး အခြေအနေအရ အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့ရာတွင် မိုင်းနောင်(မမုံကိုင်) ကျေးရွာမှ ဒေသခံများအား တရားမ၀င် ရွှေတူးခြင်း မပြုရေး ဟောပြောခြင်းနှင့် တရားမ၀င် ရွှေတူးသူများအား ၀န်ခံကတိပြု လက်မှတ်ထိုး အရေးယူမှု ပြုလုပ်ခဲ့ကြောင်း၊ သောင်ဖြစ်ထွန်းနေမှု ဧရိယာအား တိုင်းတာ တွက်ချက်ရာတွင် ဧက ၅၀ ခန့်ရှိပြီး ၂၀၁၂-၁၃ ခုနှစ် မိုးစပါး စိုက်ပျိုးရာသီ စိစစ်တွေ့ရှိမှုအရ မိုင်းနောင်(မမုံကိုင်) ကျေးရွာအုပ်စုတွင် ကွင်းပေါင်းသုံးကွင်း၊ လယ်မြေဧရိယာ ၁၈၄ ဧကခန့် ပျက်စီးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်အောင်က ပြောကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့သည် ပြည်နယ်သစ်တောနှင့် သတ္တုဝန်ကြီးအား ဥက္ကဋ္ဌတာဝန် ပေးအပ်ပြီး ဇွန် ၁၈ ရက်တွင် 'အင်းတော်ကြီး ဒေသတွင် တရားမ၀င် ရွှေသတ္တု တူးဖော်မှုများ ကာကွယ်တားဆီးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကာကွယ်တားဆီးရေးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကာကွယ်တားဆီးရေး ဦးစီးကော်မတီ'' ကို ဖွဲ့စည်းခဲ့ပြီး အင်းတော်ကြီးဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေထိခိုက်နိုင်မည့် ဧရိယာအား အတည်ပြု သတ်မှတ်ပြီးပါက အဆိုပါ ဧရိယာအတွင်း တရားဝင် ရွှေတူးဖော်ခွင့် လျှောက်ထားမှုများအား ခွင့်ပြုခြင်း၊ ထောက်ခံခြင်း၊ မပြုရေး သက်ဆိုင်ရာ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကာ တရားမ၀င် ရွှေတူးဖော်ခြင်းများ သတင်းရရှိပါက ထိထိရောက်ရောက် ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့နောက်အဆိုအား မှတ်တမ်းတင်ပေးရန် တောင်းဆိုခဲ့သော်လည်း အဆိုရှင်က လက်မခံသဖြင့် စက်ခလုတ်နှိပ် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူ မရှိဘဲ အတည်ပြုခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top