Blogger Widgets

Monday 8 July 2013

ပြန်ကြားရေး ၀န်ကြီး၏ ကတိမတည်မှုကြောင့် ယခုကဲ့သို့ ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ရှင်းလင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က နိုင်ငံတော် သမ္မတနှင့် တွေ့ခွင့်တောင်းမည်ဟုဆို

medialaw1-july8
ဇူလိုင် ၇ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေး ရှင်းလင်းနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၏ ကတိမတည်မှုကြောင့် ယခုကဲ့သို့ ပြဿနာ ရှုပ်ထွေးမှုများ ဖြစ်ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ဇူလိုင် ၇ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောကြားလိုက်ပါသည်။
ထို့အပြင် ယခုဖြစ်ပွားသော အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရန်အတွက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က နိုင်ငံတော် သမ္မတနှင့် တွေ့ခွင့်တောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဂျာနယ်လစ်များနှင့် မီဒီယာ အဖွဲ့အစည်း အသီးသီးက ကန့်ကွက်နေသည့်ကြားမှ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ ဇူလိုင် ၄ ရက်နေ့က အတည်ပြုလိုက်ပြီးနောက်ပိုင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် ပြန်ကြားရေး ၀န်ကြီးဌာန၏ ကတိမတည်မှုများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။
ဇူလိုင် ၇ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာခင်အေး ( မောင်ခင်မင်-ဓနုဖြူ) ဦးတင်လှိုင် (လယ်တွင်းသား စောချစ်)၊ ဦးသီဟစော၊ ဦးဖေမြင့်၊ ဒေါက်တာမျိုးသန့်တင်၊ ဦးဇော်သက်ထွေး၊ ဦးချစ်ဝင်းမောင်၊ ဦးမြင်ကျော်၊ ဦးသောင်းစုငြိမ်း၊ ဦးရဲမင်းဦး၊ ဒေါ်ချိုချိုတင် (မစန္ဒာ)နှင့် ဒေါ်တင်ဇာဇော်တို့ တက်ရောက်ခဲ့ကြပါသည်။
"ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြီးတဲ့ အချိန်မှာ စာနယ်ဇင်း ကောင်စီနဲ့ ၀န်ကြီးဌာနတို့ ထည့်သွင်းဆွေးနွေးထားတဲ့ အချက်အလက်တွေကို မတွေ့ရတဲ့အတွက် စာနယ်ဇင်းကောင်စီက ဘာမှမလုပ်ဆောင်ဘူးလားဆိုတာ ဖြစ်လာတဲ့အတွက် အခုလို ရှင်းလင်းရခြင်း ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားခဲ့ပါသည်။
"ဒီနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတဲ့ အဓိက ရည်ရွယ်ချက်က ပြန်ကြားရေး ၀န်ကြီးဌာနက နေပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်ကို တင်လိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်း၊ အဲဒီဥပဒေမူကြမ်းက ကျွန်တော်တို့နဲ့ ညှိနှိုင်းထားတဲ့ သဘောတူညီချက်အတိုင်း မဟုတ်ဘဲနဲ့ နဂိုမူလက ပြန်ကြားရေး ၀န်ကြီးဌာနက ဆွဲထားတဲ့ မူရင်းအတိုင်း ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က စာနယ်ဇင်းကောင်စီ အနေနဲ့ ရှင်းလင်းပွဲ လုပ်ရတာပါ" ဟု စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက ပြောကြားသည်။
"နောက်တစ်ခုက ပထမ ဥပဒေမူကြမ်း ထွက်ကတည်းက ကျွန်တော်တို့ ကန့်ကွက်ကြောင်း ကြေညာခဲ့တယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ လွှတ်တော်အသီးသီးကိုလည်း ပို့ထားတယ်။ အဲဒီ သဘောမတူထားတဲ့ ဥပဒေမူကြမ်းဟာ ကျွန်တော်တို့ သတင်းသမားတွေရဲ့ သတင်းလွတ်လပ်ခွင့်၊ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်ကို သွယ်ဝိုက်ပြီး ကန့်ကွက်ထိန်းချုပ်တယ်လို့ ယူဆတဲ့အတွက် ကျွန်တော်တို့က ပထမဥပဒေကြမ်းကို သဘောမတူတာ။ သဘောမတူတဲ့အတွက် အဲဒီဥပဒေကြမ်းဟာ အားလုံးရဲ့ ကန့်ကွက်မှုကြောင့် လွှတ်တော်မှာ ယာယီဆိုင်းငံ့ သွားပါတယ်။ ဆိုင်းငံ့သွားတဲ့အတွက် စာနယ်ဇင်းကောင်စီနဲ့ ပြန်ဆွေးနွေးဖို့ အကြောင်းဖန်လာပါတယ်။ နောက်ဆုံး ဘာသဘောတူညီချက် ရလိုက်လဲဆိုတော့ စာနယ်ဇင်းကောင်စီ အနေနဲ့ ထိပ်တိုက်ရင်ဆိုင် တာမျိုးထက် ဒီမိုကရေစီ နည်းအရ မျက်နှာချင်းဆိုင်ထိုင် ဆွေးနွေးပြီးတော့ ပြဿနာတွေကို အဖြေရှာတာ အကောင်းဆုံးလို့ ကျွန်တော်တို့က ယူဆပါတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးပါတယ်" ဟု ဦးကျော်မင်းဆွေက ပြောကြားပါသည်။
ပထမဆုံး ၀န်ကြီးနဲ့ တွေ့ပါတယ်။ ၀န်ကြီးနဲ့ တွေ့တဲ့အခါမှာ ၀န်ကြီးက ကျွန်တော်တို့ကို ကတိပေးပါတယ်။ ကျွန်တော်တို့ စိတ်ကြိုက်ပြင်ပါ။ ဒီဥပဒေကြမ်းကို ကျွန်တော်တို့စိတ်ကြိုက် ပြင်ပါ။ ကျွန်တော်တို့ မကြိုက်တဲ့ဟာ မှန်သမျှ သူတို့မထည့်ပါဘူး။ ကျွန်တော်တို့ စိတ်ကြိုက်ပြင်ခဲ့တဲ့ ဟာကိုမှ သူတို့လွှတ်တော်ကို တင်ပါ့မယ်။ အဲလို တင်တဲ့အခါမှာလည်း ကျွန်တော်တို့ ဆွဲနေတဲ့ မီဒီယာဥပဒေ၊ အဲဒီဥပဒေကြမ်းကိုလည်း သူတို့က သဘောတူပါတယ် . . . . .
နိုင်ငံတော် သမ္မတရုံးက နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းပေးခဲ့သော မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သည် ပုံနှိပ်မီဒီယာ ဥပဒေကို လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ကြောင်း ပြန်ကြားရေး ၀န်ကြီးထံမှ ကတိစကား ရရှိခဲ့ပါသည်။ သို့သော် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲနေသော ပုံနှိပ်မီဒီယာ ဥပဒေ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးလာသည့် အချိန်တွင် ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ပြန်ကြားရေး ၀န်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းခဲ့ပါသည်။ ထိုဥပဒေကြမ်းသည် သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်သည့် သဘောဖြစ်ခြင်းကြောင့် ဂျာနယ်လစ်များနှင့် မီဒီယာ အဖွဲ့အစည်း အသီးသီးက ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့အတွက်ကြောင့် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ပြီး ဥပဒေကြမ်းကို စိတ်ကြိုက်ပြင်ဆင် ရေးဆွဲခွင့် ပြုမည်ဖြစ်ပြီး ပြုပြင်မှုပြီးစီးမှသာ လွှတ်တော်သို့ တင်သွင်းမည်ဟု ကတိပေးခဲ့ကြောင်း သိရှိရပါသည်။
"ပထမဆုံး ၀န်ကြီးနဲ့ တွေ့ပါတယ်။ ၀န်ကြီးနဲ့ တွေ့တဲ့အခါမှာ ၀န်ကြီးက ကျွန်တော်တို့ကို ကတိပေးပါတယ်။ ကျွန်တော်တို့ စိတ်ကြိုက်ပြင်ပါ။ ဒီဥပဒေကြမ်းကို ကျွန်တော်တို့စိတ်ကြိုက် ပြင်ပါ။ ကျွန်တော်တို့ မကြိုက်တဲ့ဟာ မှန်သမျှ သူတို့မထည့်ပါဘူး။ ကျွန်တော်တို့ စိတ်ကြိုက်ပြင်ခဲ့တဲ့ ဟာကိုမှ သူတို့လွှတ်တော်ကို တင်ပါ့မယ်။ အဲလို တင်တဲ့အခါမှာလည်း ကျွန်တော်တို့ ဆွဲနေတဲ့ မီဒီယာဥပဒေ၊ အဲဒီဥပဒေကြမ်းကိုလည်း သူတို့က သဘောတူပါတယ်။ အဲဒီဥပဒေကြမ်းကိုလည်း နှစ်ဖက်အပြန်အလှန် ညှိနှိုင်းပြီးလို့ ဆိုရင်လည်း လက်ရှိသူတို့ဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနဲ့ ကျွန်တော်တို့ ဆွဲထားတဲ့ မီဒီယာ ဥပဒေကို ပြိုင်တူလွှတ်တော်ကို တင်မယ်လို့ ပြောထားခဲ့ပါတယ်။ အဲဒီရဲ့ အထောက်အထားစာ ကျွန်တော်တို့မှာ ရှိပါတယ်။ အစည်းအဝေးမှတ်တမ်း ကျွန်တော်တို့မှာ ရှိပါတယ်။ ၀န်ကြီးဌာနက ကျွန်တော်တို့ကို လိပ်မူပြီး ပေးလိုက်တဲ့စာ၊ စာအမှတ်နဲ့တကွ ရှိပါတယ်။ အဲဒီစာအရ ကျွန်တော်တို့က ဒီဥပဒေနှစ်ခုကို ပြင်ဆင်ပြီးတော့ အကြံပေးထားတဲ့အတိုင်း သက်ဆိုင်ရာ ၀န်ကြီးဌာနကို ပို့တယ်။ လွှတ်တော်ကော်မတီ အသီးသီးကို ပို့တယ်။ သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးကို ပို့ထားတယ်။ ၀န်ကြီးဌာနကို ပို့ထားတဲ့ကြားမှာ ကျွန်တော်တို့ ပြင်ထားတဲ့ အချက်တွေ မပါဘဲနဲ့ သူတို့နဂိုကမူလ ရှိနေတဲ့ အချက်တွေကိုပဲ ထည့်သွင်းထားတဲ့အတွက် ဒီဥပဒေဟာ အဲလို ထည့်တဲ့အပြင်ကို ကျွန်တော်တို့ ညှိနှိုင်းသဘောတူထားတဲ့ ပြိုင်တူတင်မယ်ဆိုတဲ့၊ အတူတကွ တင်မယ်ဆိုတဲ့ အချက်ကိုလည်း ချိုးဖောက်ထားတယ်ဆိုတာ တွေ့ရတယ်" ဟု ဦးကျော်မင်းဆွေက ပြောကြားပါသည်။
medialaw2-july8
 ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၃ ခုနှစ် မေလအတွင်းက ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် 2nd Conference on Media Development in Myanmar ပွဲတွင် တွေ့ရစဉ်
"ကျွန်တော်တို့ အချင်းချင်း ကြားမှာညှိနှိုင်းပြီး မျက်နှာချင်းဆိုင် တွေ့ပြီးဆွေးနွေးထားတဲ့ လူကြီးလူကောင်း ကတိက၀တ် အားလုံးကို ချိုးဖောက်တယ်လို့ ကျွန်တော်တို့ ခံစားရတယ်" ဟု ဦးကျော်မင်းဆွေက  ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သည် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် တစ်ကြိမ်တွေ့ဆုံခဲ့ပြီး စိတ်ကြိုက်ပြင်ဆင်ခွင့် ရှိသည်ဟူသော ကတိစကားနှင့်အညီ ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် သုံးကြိမ်တွေ့ဆုံကာ ဥပဒေကြမ်းပါ အချက် (၅) ချက်ကို ဖြုတ်ပယ်ပေးရန်၊ ပုဒ်မနှင့် ပုဒ်မခွဲ (၁၄)ချက်ကို ပြင်ဆင်၊ ဖြည့်စွက်ပေးရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဆွေးနွေးညှိနှိုင်းနေစဉ် ကာလအတွင်းမှာပင် ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲသော အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းကို ပြန်ကြားရေးဝန်ကြီး ဌာနကပင် လုပ်ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။
"ကျွန်တော်တို့က မီဒီယာ ဥပဒေကို လွတ်လွတ်လပ်လပ် ရေးဆွဲခွင့် ပြုမယ်ဆိုတာကြောင့် ဒီခေါင်းစဉ်အောက်မှာ စာနယ်ဇင်းကောင်စီ အဖွဲ့ထဲကို ၀င်ခဲ့တယ်။ ပြန်ကြားရေး ၀န်ကြီးရဲ့ စကားကို ယုံကြည်ခဲ့ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ မီဒီယာ ဥပဒေ တစ်ခုတည်း ရှိရမယ့်အချိန်မှာ ပြန်ကြားရေး ၀န်ကြီးဌာနက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ရေးဆွဲထုတ်ပြန်ခဲ့တယ်။ ဒီဥပဒေကြမ်းဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးနေပါတယ်။ ထိန်းချုပ်တဲ့သဘော သက်ရောက်နေပါတယ်။ ဒီအတွက်ကြောင့် ကန့်ကွက်ခဲ့ကြတယ်။ ပြန်ကြားရေး ၀န်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ သုံးကြိမ်တွေ့ပြီး ဥပဒေကြမ်းကို အချောသတ်နေတုန်းမှာ နိုင်ငံပိုင် မီဒီယာတွေကို ကာကွယ်စောင့်ရှောက်တဲ့ အများပြည်သူ ၀န်ဆောင်မှုဆိုင်ရာ မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်လာခဲ့ပါတယ်" ဟု ဦးဇော်သက်ထွေးက ပြောကြားခဲ့ပါသည်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် နိုင်ငံပိုင် မီဒီယာများကို ၀န်ဆောင်မှုအဖြစ် ပြောင်းလဲရန် ဆိုခြင်းထက် ပြည်ထောင်စု အစိုးရထံမှ ရန်ပုံငွေ တောင်းခံနိုင်ခြင်း၊ ကြော်ငြာခငွေ ရရှိနိုင်ခြင်း စသောစီးပွားရေးဆန်သည့် ကိစ္စရပ်များကို ထည့်သွင်းရေးဆွဲ ခဲ့သည့်အပြင် ပုဂ္ဂလိက မီဒီယာများကို လုပ်ကိုင်ခွင့် မပေးသော ပုံနှိပ်နှင့် ရုပ်သံမီဒီယာ တွဲဖက်လုပ်ကိုင်နိုင်ခြင်း အချက်ကို နိုင်ငံပိုင် မီဒီယာများအား လုပ်ကိုင်ခွင့် ပြုခဲ့ပါသည်။ ထို့အပြင် ယင်းဥပဒေကို မည်သူကိုမျှ မတိုင်ပင်ဘဲ နိုင်ငံပိုင် မီဒီယာများတွင် ထုတ်ပြန်ကြေညာ ခဲ့သော်လည်း စာနယ်ဇင်းကောင်စီ (ယာယီ)က ဂျာနယ်လစ်များ၏  အကြံပြုချက်များဖြင့် ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပေးနိုင်မည် မဟုတ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက အကြောင်းပြန်ခဲ့သည်ဟု သိရှိရပါသည်။
"ကျွန်တော်တို့ ဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေမူကြမ်းကို သတင်းစာထဲမှာ ထည့်ဖို့၊ ခုနက ဥက္ကဋ္ဌကြီးလည်း ပြောသွားပါတယ်။ သက်ဆိုင်ရာ နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြဖို့ ကျွန်တော်တို့ ပေးလိုက်တယ်။ ပို့လိုက်တဲ့အခါမှာ တရားဝင် စာနဲ့ပို့ပါတယ်။ မနေ့က (ဇူလိုင် ၆ ရက်) ပဲ ကျွန်တော့်ဆီကို အကြောင်းပြန်ပါတယ်။ ကျွန်တော်တို့ တင်ထားတဲ့ ဥပဒေမူကြမ်းဟာ ၀န်ကြီးဌာနရဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အရ  အဆင့်တွေ ဖြတ်သန်းပြီးတဲ့ အခါမှာ လွှတ်တော်က လက်ခံပြီးမှသာလျှင် သတင်းစာထဲမှာ ထည့်လို့ရတယ်လို့ ပြောပါတယ်။  သူတို့ပြီးခဲ့တဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေမူကြမ်းဟာ အဲဒီလိုလုပ်ထားတာတော့ မဟုတ်ပါဘူး။ လွှတ်တော်ကို မတင်သေးဘဲနဲ့ အဲဒါကိုတော့ သတင်းစာထဲမှာ ထည့်ထားပါတယ်။ ကျွန်တော်တို့ တင်ထားတဲ့ ဥပဒေ မူကြမ်းကိုတော့ သူတို့က အဆင့်ဆင့် ခံထားတဲ့ သတင်းစာမှာ ထည့်ပေးလို့ မရသေးဘူးလို့ ပြောပါတယ်" ဟု ဦးကျော်မင်းဆွေက ဆိုသည်။
အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းနှင့် ပတ်သက်သော ပြင်ဆင်ချက်၊ ရှင်းလင်းချက်များကိုလည်း စာနယ်ဇင်းကောင်စီ (ယာယီ)က ပြန်ကြားရေး ၀န်ကြီးဌာနသို့ ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။
ဇူလိုင် ၄ ရက်နေ့က ပြည်သူ့လွှတ်တော်မှ အတည်ပြုလုပ်လိုက်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အပါအ၀င် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း  (MJA)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်များကွန်ရက် (MJN) နှင့် မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ (MJU) တို့အပြင် ဂျာနယ်လစ် အသီးသီးက သဘောမတူ၊ လက်မခံကြောင်း ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါသည်။
medialaw3-july8
ဇူလိုင် ၇ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးသီဟစော ရှင်းလင်းနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ယင်းအပြင် ယခုကိစ္စရပ်အပေါ် ပြည်သူ့လွှတ်တော် အပါအ၀င် သက်ဆိုင်ရာ လွှတ်တော်ကော်မတီ အသီးသီးသို့ သွားရောက်ရှင်းပြရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အသင့်ရှိကြောင်း သိရှိရပါသည်။ ထိုသို့လုပ်ဆောင်ပြီး နောက်ဆုံးအဆင့် မရရှိပါက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်အားလုံး တရားဝင် နှုတ်ထွက်မည်ဟု ဦးကျော်မင်းဆွေက ပြောကြားပါသည်။
"ပြည်သူ့လွှတ်တော်ပြီးရင် အမျိုးသားလွှတ်တော် ရှိတယ်။ အမျိုးသားလွှတ်တော်ပြီးရင် ပြည်ထောင်စုလွှတ်တော် ရှိတယ်။  ပြည်ထောင်စုလွှတ်တော်ပြီးရင် အစိုးရအဖွဲ့ကို ပြန်ပေးတဲ့အခါမှာ အစိုးရအဖွဲ့ရဲ့ သမ္မတရဲ့ အကြံပေးအဖွဲ့ ရှိတယ်။ ဥပဒေအကြံပေး အဖွဲ့ပေါ့။ တရားဝင် အကြံပေးအဖွဲ့ကတော့  ရှေ့နေချုပ်ရုံးပေါ့။ ဒါကို သမ္မတက လက်မှတ်ထိုးဖို့ ရှေ့နေချုပ်ရုံးက ပို့လိုက်တဲ့အခါ သမ္မတ လက်မှတ်ထိုးဖို့ ကျန်နေသေးတယ်။ သမ္မတ လက်မှတ်ထိုးပြီးတဲ့အခါ အဲဒီလက်မှတ် ထိုးထားတာကို ပြည်ထောင်စုလွှတ်တော်ကို ပြန်ပို့ရမယ်။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးမှ ဥပဒေ ထွက်တာဆိုတော့ ဒီအဆင့်တွေ အဆင့်လိုက် အဆင့်လိုက် သက်ဆိုင်ရာ ကော်မတီရော၊ သမ္မတရုံးအထိရော စာလည်းပို့မယ်။ လူကိုယ်တိုင် သွားရှင်းဖို့လည်း ကျွန်တော်တို့ အသင့်ဖြစ်တယ်။ အဲဒီအဆင့်တွေ နောက်ဆုံးမရဘူးဆိုရင် ကျွန်တော်တို့ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေအားလုံး တရားဝင် နှုတ်ထွက်မယ်" ဟု ဦးကျော်မင်းဆွေက ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ ဖွဲ့စည်းပေးထားသော စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် ဖြစ်ပွားနေသော ကိစ္စရပ်များအတွက် နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် မူလက အစီအစဉ် မရှိသော်လည်း ပြန်ကြားရေး ၀န်ကြီးဌာနက ကတိဖောက်ဖျက်ခဲ့သဖြင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က နိုင်ငံတော်သမ္မတနှင့် တွေ့ဆုံရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က သမ္မတနဲ့တွေ့ဖို့ စောစောပိုင်း ကာလအထိ အစီအစဉ် မရှိပါဘူး။ ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ လူကြီးလူကောင်း သဘောတူညီထားတဲ့အတွက် သမ္မတကို သွားတွေ့စရာ လိုမယ်လို့ မယူဆဘူး။ နောက်တစ်ချက်က သူ့ရဲ့လုပ်ငန်းစဉ်အရ သမ္မတရုံးရဲ့ လုပ်ပိုင်ခွင့်နဲ့ ဖွဲ့ထားပြီးရင် အစိုးရအဖွဲ့ရဲ့ ယန္တရားသဘောက သက်ဆိုင်ရာ ၀န်ကြီးဌာနကို လုပ်ပိုင်ခွင့် တာဝန်ခွဲထားပေးပြီး ဖြစ်တဲ့အတွက် သမ္မတကိုယ်စား ၀န်ကြီးဌာနနဲ့ ဆက်ဆံတယ်လို့ ယူဆပါတယ်။ သို့သော်တစ်ဖက်မှာ လွှတ်တော်ရဲ့ လုပ်ငန်းစဉ်အရ ကော်မတီမှာရှိတဲ့ ရေးရာကော်မတီတွေနဲ့ ဆက်သွယ်ပါတယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ သူတို့နဲ့ ဆွေးနွေးတယ်။ နောက်ဆုံး လွှတ်တော်မှာရှိတဲ့ ဥပဒေကြမ်း ရေးဆွဲတဲ့ ပညာရှင်တွေနဲ့ ရေးထုံးရေးနည်းကအစ တိုင်ပင်ညှိနှိုင်းပြီး  သီးသန့်ခေါ်ပြီး လုပ်တာတွေ ရှိပါတယ်။ နဂိုမူလက သမ္မတနဲ့တွေ့ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ အခုပြန်ကြားရေး ၀န်ကြီးဌာနက ဒီလိုဥပဒေကို လွှတ်တော်မှာ အတည်ပြုလိုက်တဲ့အတွက် ကျွန်တော်တို့ သဘောမတူတဲ့ အချက်တွေပါပြီး အတည်ပြုလိုက်တဲ့အတွက် သမ္မတနဲ့ပါတွေ့ဖို့ သမ္မတရုံးကိုလည်း စာပိုဖို့ ကျွန်တော်တို့ စီစဉ်ပြီးပါပြီ။ အားလုံးတိုင်ပင်ထားပြီးပါပြီ။ လိုအပ်လို့ နေပြည်တော် သွားရမယ်ဆိုရင် အားလုံးနဲ့တွေ့ဖို့ ကျွန်တော်တို့ဘက်က ပြင်ဆင်ညှိနှိုင်း ထားပါတယ်" ဟု ဦးကျော်မင်းဆွေက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
လက်ရှိအချိန်တွင် မီဒီယာအဖွဲ့အစည်း အသီးသီးနှင့် ဂျာနယ်လစ်များက မြန်မာနိုင်ငံတွင် မီဒီယာဥပဒေ တစ်ခုတည်းရှိရန် ဆန္ဒရှိနေပြီး ပြန်ကြားရေး ၀န်ကြီးဌာနက လုပ်ပိုင်ခွင့် အာဏာရယူကာ သတင်းလွတ်လပ်ခွင့်ကို သွယ်ဝိုက်သောအားဖြင့် ထိန်းချုပ်သည့် ဥပဒေကြမ်းများကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။
အခြားတစ်ဖက်တွင်လည်း စာနယ်ဇင်းကောင်စီ (ယာယီ) မှ ရေးဆွဲနေသော သတင်းမီဒီယာ ဥပဒေကြမ်း အချောသတ်မှုကို နှောင့်နှေးစေသည့် သဘောသက်ရောက်ရန် ပြန်ကြားရေး ၀န်ကြီးဌာနမှ လုပ်ဆောင်နေသည်ဟူသော သံသယမှာလည်း ကြီးထွားလာကြောင်း ဂျာနယ်လစ်များက ပြောကြားခဲ့ကြပါသည်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် ဖြုတ်ပယ်၊ ပြင်ဆင်ဖြည့်စွက်ရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က တင်ပြခဲ့သည့် အချက်များ
ပြန်ကြားရေး ၀န်ကြီးဌာနမှ ၎င်းတို့ရေးဆွဲကာ ပြည်သူ့လွှတ်တော်သို့ တင်သွင်းထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းပါ အချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဧပြီ ၂၇ ရက်တွင် ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေကြမ်းပါ အချက် (၅) ချက် ဖြုတ်ပယ်ရန်၊ ပုဒ်မနှင့် ပုဒ်မခွဲ (၁၄) ချက် ပြင်ဆင်ဖြည့်စွက်ရန်တို့ကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆွေးနွေးခဲ့သည့် အကြောင်းအရာများမှာ-အောက်ပါအချက် (၅) ချက်ကို စာနယ်ဇင်းကောင်စီ (ယာယီ) က ဖြုတ်ပယ်ရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
(၁) အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ (စ) သတင်းအေဂျင်စီ ဆိုသည်မှာ ပြည်တွင်း၊ ပြည်ပမှ သတင်းအချက်အလက်များကို စုဆောင်းရယူ၍ ပုံနှိပ်မီဒီယာ၊ အီလက်ထရောနစ် မီဒီယာနှင့် အခြားမီဒီယာများသို့ အခကြေးငွေဖြင့်ဖြစ်စေ၊ အခကြေးငွေ မယူဘဲဖြစ်စေ ဖြန့်ဝေပေးသည့် လုပ်ငန်းကို ဆိုသည်။
(၂) အခန်(၁) ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) သတင်းစာဆိုသည်မှာ သတင်းများ၊ သိမှတ်စရာများ၊ အဖြစ်အပျက်များအပေါ် အစီရင် ခံချက်များ သို့မဟုတ် ယင်းတို့နှင့် သက်ဆိုင်သည့်မှတ်ချက်၊ လေ့လာသုံးသပ်ချက်နှင့် ဝေဖန်ချက်များ သို့မဟုတ် အများပြည်သူ စိတ်ဝင်စားသည့် အကြောင်းအရာ တစ်ခုခု ပါဝင်ပြီး ရောင်းချရန်ဖြစ်စေ၊ အခမဲ့ ဖြန့်ချိရန်ဖြစ်စေ နေ့စဉ်ပုံနှိပ် ထုတ်ဝေသော ထုတ်ဝေစာကို ဆိုသည်။
(၃) အခန်း(၅) ပုဒ်မ ၁၁ ထုတ်ဝေစာကို-
(က) ပြည်ပမှ တင်သွင်းသူသည် တင်သွင်းသော ထုတ်ဝေစာနှင့် ပတ်သက်၍ ခေါင်းစဉ်၊ အမျိုးအစားနှင့် အရေအတွက် စာရင်းကို သတ်မှတ်ပုံစံဖြင့် မှတ်ပုံတင် အရာရှိထံ ပေးပို့ရမည်။
(ခ) ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါက ပုံနှိပ်သူသည် ၎င်းပုံနှိပ်သော မည်သည့် ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်း ရေးသွင်းခြင်းနှင့် မူပိုင်ခွင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်အရေအတွက်အတိုင်း မှတ်ပုံတင် အရာရှိထံ အဖိုးအခလွတ် ပေးပို့ရမည်။

(၄) အခန်း(၅) ပုဒ်မ ၁၂ တရားမ၀င် ထုတ်ဝေစာအဖြစ် ကြေညာထားခြင်း မရှိသော်လည်း ပုဒ်မ ၇ ပါ သတ်မှတ်ချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည့် ထုတ်ဝေစာကို မည်သူမျှ ပြည်တွင်းသို့ တင်သွင်းခြင်း မပြုရ။
(၅) အခန်း(၅) ပုဒ်မ ၁၃ ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြု လက်မှတ်ရရှိသူသည် မိမိ၏ ထုတ်ဝေစာမူရင်းကို အင်တာနက်သတင်း ဖြန့်ချိသောနည်းဖြင့် ၀က်ဘ်ဆိုက်များ အသုံးပြု၍ ဖြန့်ချိခွင့်ရှိသည်။
အောက်ပါပုဒ်မနှင့် ပုဒ်မခွဲ ၁၄ ချက်အား စာနယ်ဇင်းကောင်းစီ (ယာယီ) မှ ပြင်ဆင်၊ ဖြည့်စွက်ရန် အကြံပြု ဆွေးနွေးခဲ့ပါသည်။
(၁) အခန်း(၁) ပုဒ်မ ၂ ပုဒ်မခွဲ (ည) "မှတ်ပုံတင် အရာရှိ ဆိုသည်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲ ညွှန်ကြားရေးမှူးကို ဆိုသည်" စာသားအစား "မူပိုင်ခွင့်နှင့် မော်ကွန်းဌာန ဆိုသည်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနခွဲ ညွှန်ကြားရေးမှူးကို ဆိုသည်" ဟု ပြင်ရန်။

(၂) အခန်း(၂) ပုဒ်မ ၃ နှင့် ပုဒ်မ ၄ ပါ "မှတ်ပုံတင် အရာရှိ" စာသားအစား "မူပိုင်ခွင့်နှင့် မော်ကွန်းဌာန" အဖြစ် ပြင်ရန်။
(၃) ပုဒ်မ ၅ "လုပ်ငန်းအသိအမှတ်ပြု လတ်မှတ်ရရှိသူသည် ယင်းလတ်မှတ်ကို ရရှိရန် မရိုးဖြောင့်သော သဘောဖြင့်ဖြစ်စေ၊ လိမ်လည်လှည့်ဖြားရန် အကြံဖြင့်ဖြစ်စေ၊ လျှောက်ထားခဲ့ကြောင်းသော် လည်းကောင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို ဆန့်ကျင်၍ ဆောင်ရွက်ကြောင်းသော် လည်းကောင်း၊ စိစစ်တွေ့ရှိပါက "၀န်ကြီးသည် ယင်းလုပ်ငန်း အသိအမှတ်ပြု လတ်မှတ်ကို ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်သည်မှ" "၀န်ကြီးသည်" စာသားအစား "၀န်ကြီးဌာနသည်" ဟု ပြင်ဆင်ရန်။
(၄) အခန်း(၃) ပုဒ်မ ၇ ပါ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) အစား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်းစီ (ယာယီ) မှ ရေးဆွဲထားသည့် ပုံနှိပ်ထုတ်ဝေသူများ လိုက်နာရမည့် စည်းကမ်းချက်များအား စွဲယူထည့်သွင်းရန်။
(၅) ပုဒ်မ ၈ ပါ "မည်သူမဆို ပုဒ်မ ၇ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာနှင့် ပတ်သက်၍ "လိုအပ်သလို စီရင်ဆုံးဖြတ် ပေးပါရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားနိုင်သည်" စာသားအစား "မည်သူမဆို ပုဒ်မ ၇ ပါ စည်းကမ်းချက် တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာနှင့် ပတ်သက်၍ "ဤဥပဒေအရ လိုအပ်သလို စီရင်ဆုံးဖြတ် ပေးပါရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားနိုင်သည်" ဟု ပြင်ဆင်ရန်။
(၆) ပုဒ်မ ၉ ပါ "ဤဥပဒေအရ အရေးယူ ဆောင်ရွက်မှုများသည် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မထိခိုက်စေရ" စာသားအစား "ဤဥပဒေအရ အရေးယူ ဆောင်ရွက်မှုများသည် နိုင်ငံသားတိုင်း၏ လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေပြောဆိုခွင့်ကို မထိခိုက်စေရ" ဟု ပြင်ရန်။
(၇) အခန်း(၄) ခေါင်းစဉ် "ထုတ်ဝေစာများကို ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့တင်ပို့ခြင်း" ဟူသော ခေါင်းစဉ်အစား "ထုတ်ဝေစာများကို ဖြန့်ချိရန် အလို့ငှာ ပြည်တွင်းသို့ တင်သွင်းခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း" ဟု ပြင်ရန်။
(၈) အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ (က) ပါ "ပြည်ပမှ တင်သွင်းသူ" စာသားအစား "ပြည်တွင်းသို့ တင်သွင်းသူ/ပြည်ပသို့ တင်ပို့သူ" ဟု ပြင်ရန်။
(၉) အခန်း(၄) ပုဒ်မ ၁၀ ပုဒ်မခွဲ (ခ)တွင် "မှတ်ပုံတင် အရာရှိထံ" စာသားအစား "မူပိုင်ခွင့်နှင့် မော်ကွန်းဌာနသို့" ဟု ပြင်ရန်။
(၁၀) အခန်း(၇) ပုဒ်မ ၂၁ ပါ "၀န်ကြီးသည် ဤဥပဒေ တာဝန်ဝတ္တရားများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ မှတ်ပုံတင်ဌာနကို ဖွဲ့စည်းရမည်။ ယင်းအဖွဲ့အစည်းတွင် မှတ်ပုံတင် အရာရှိကိုလည်းကောင်း လိုအပ်သောအရာထမ်း၊ အမှုထမ်းများကို လည်းကောင်း ခန့်အပ်ခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း ပြုနိုင်သည်" စာသားအစား "၀န်ကြီးဌာနသည် ဤဥပဒေအရ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အလို့ငှာ မူပိုင်ခွင့်နှင့် မော်ကွန်းဌာနကို ဖွဲ့စည်းရမည်။ ယင်းအဖွဲ့အစည်းတွင် မူပိုင်ခွင့်နှင့် မော်ကွန်းအရာရှိကို လည်းကောင်း လိုအပ်သော အရာထမ်း၊ အမှုထမ်းများကို လည်းကောင်း ခန့်အပ်ခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း ပြုနိုင်သည်" ဟု ပြင်ရန်။
(၁၁) ပုဒ်မ ၂၂ "ဤဥပဒေ ပြဋ္ဌာန်းချက်များသည် အောက်ပါထုတ်ဝေစာများနှင့် သက်ဆိုင်ခြင်း မရှိစေရ" စာသားအစား "အောက်ပါထုတ်ဝေစာများသည် ဤဥပဒေအခန်း (၂) ပါ ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ" ဟု ပြင်ရန်။
(၁၂) ပုဒ်မ ၂၄ ပါ "၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေအရ ထုတ်ပေးထားသည့် မှတ်ပုံတင် သက်သေခံ လက်မှတ်၏ သက်တမ်းသည် သတ်မှတ်သည့် ကာလအပိုင်းအခြားအထိ အတည်ဖြစ်စေရမည်။ ယင်းမှတ်ပုံတင် သက်သေခံ လက်မှတ်၏ သတ်တမ်းကုန်ဆုံးချိန်တွင် မိမိလုပ်ငန်းကို ဆက်လက်ဆောင်ရွက် လိုပါက လုပ်ငန်းအသိအမှတ်ပြု သက်တမ်းတိုးရန် "သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်" စာသားအစား "သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်ရမည်" ဟု ပြင်ရန်။
(၁၃) ပုဒ်မ ၂၆ ပုဒ်မခွဲ (က) "၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်" စာသားအစား "၀န်ကြီးဌာနသည် လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေခွင့်ကို ကန့်သတ်ရာ မရောက်သော လိုအပ်သည့် နည်းဥပဒေများ စည်းမျဉ်းနှင့် စည်းကမ်းချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်" စာသား ထပ်မံဖြည့်စွက်ရန်။
(၁၄) ပုဒ်မ ၂၆ ပုဒ်မခွဲ (ခ) "၀န်ကြီးဌာနသည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်" စာသားအစား "၀န်ကြီးဌာနသည် လွတ်လပ်စွာ ရေးသားပုံနှိပ် ထုတ်ဝေခွင့်ကို ကန့်သတ်ရာ မရောက်သော လိုအပ်သည့် အမိန့်ကြောငြာစာ၊ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်" ဟု ပြင်ရန်။

No comments :

Post a Comment

Blogger Widgets
Back to Top