Blogger Widgets

Thursday 4 July 2013

စီးပွားရေး ခရီးသွားနှင့် ကမ္ဘာလှည့်ခရီးသည် အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုကို လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေ

မြန်မာနိုင်ငံသို့ စီးပွားရေး ကိစ္စရပ်များဖြင့် လာရောက်သည့် စီးပွားရေး ခရီးသွားနှင့် ဒေသတွင်း လည်ပတ်လေ့လာရန် လာရောက်သည့် ကမ္ဘာလှည့် ခရီးသည်များ အဓိက၀င်ရောက်ရာ ရန်ကုန်မြို့၌ ဟိုတယ်အခန်း လိုအပ်မှုသည် လာမည့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေကြောင်း သုံးသပ်မှုများအရ သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေး နယ်ပယ်မှ အပြောင်းအလဲများပေါ် မူတည်ကာ ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ခရီးသွားအ၀င် တိုးတက်မှု ရှိလာခဲ့သည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုသည် ကမ္ဘာတစ်ဝန်းမှ စီးပွားရေး လုပ်ငန်းများအား မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည့်အတွက် စီးပွားရေး ခရီးသွား ရောက်ရှိမှုလည်း တိုးတက်လာခဲ့သည်ဟု ခရီးသွား လုပ်ငန်းနယ်ပယ်မှ သိရသည်။
"ခရီးသွားအ၀င် ဆက်လက်တိုးတက်နိုင်မှု၊ ဆောက်လုပ်ရေးလုပ်ငန်း နှေးကွေးမှု၊ စီးပွားရေး တိုးတက်မှု အလားအလာ၊ နိုင်ငံရေးပိုင်းဆိုင်ရာ စွန့်စားမှုတွေပေါ် မူတည်ပြီး ရန်ကုန်မြို့မှာ ဟိုတယ်အခန်း လိုအပ်မှုကို လာမယ့်ငါးနှစ်အထိ ဆက်လက်ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်" ဟု Jones Lang LaSalle Inc.'s hotels and hospitality group မှ ထိုင်းနှင့် အင်ဒိုချိုင်းနား ဒေသဆိုင်ရာ ဒုတိယအမှုဆောင်ဥက္ကဋ္ဌ Andrew Langdon ၏ ပြောကြားချက်ကို Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ခရီးသွား တိုးတက်မှုသည် နိုင်ငံတကာမှ ဟိုတယ်လုပ်ငန်းများအား ရင်းနှီးမြှုပ်နှံမှုများ လာရောက်ပြုလုပ်ရန် ဆွဲဆောင်မှု ဖြစ်လာခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း အရှေ့တောင်အာရှ ဒေသတွင်း အပါအ၀င် အမေရိကနှင့် ဥရောပဒေသရှိ နိုင်ငံများမှလည်း လာရောက်လေ့လာမှုများ ရှိခဲ့သည်။
ယင်းအနက် ဗီယက်နမ်နိုင်ငံ Hoang Anh Gia Lai Group သည် ပထမဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်လာပြီး အမေရိကန်ဒေါ်လာ သန်း ၄၄၀ မြှုပ်နှံမည်ဖြစ်ကာ တည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်လုပ်ကိုင်နေသည်။
အမေရိကန်အခြေစိုက် ဟိုတယ်လုပ်ငန်း တစ်ခုဖြစ်သည့် Marriott International သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် စီစဉ်နေသည့် ရင်းနှီးမြှုပ်နှံမှုအတွက် လာမည့်ခြောက်လအတွင်း သဘောတူညီမှု ပြုလုပ်နိုင်ရန် မျှော်မှန်းထားပြီး Best Western International ကမူ ယခုနှစ် လုပ်ငန်းစတင် လည်ပတ်မည်ဟု သိရသည်။ "လာမယ့် ပွင့်လင်းရာသီမှာလည်း ဟိုတယ်အခန်း လိုအပ်ချက်က မြင့်တက်နေဦးမှာပါ" ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား လာရောက်လည်ပတ်မှုသည် ၂၀၁၃ ခုနှစ်တွင် ခရီးသွားဦးရေ ၁ ဒသမ ၅ သန်းနှင့် ၂၀၁၄ ခုနှစ်တွင် ဦးရေနှစ်သန်း ပြည့်မီလာရန် ခန့်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက ယခုနှစ် ဇွန်လအတွင်းက ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top