PSM မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဒုဝန်ကြီး ရှင်းလင်းနေစဉ်
ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့ပြီး လွှတ်တော်သို့ တင်ပြထားသည့်
အများပြည်သူ ၀န်ဆောင်မှုဆိုင်ရာ မီဒီယာ ဥပဒေကြမ်းအား မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ)က အချက်ကိုးချက်ဖြင့် ကန့်ကွက်ခဲ့ပြီး ထိုဥပဒေအရ
ပေါ်ထွက်လာမည့် PSM (Public Services Media) သည် အစိုးရ၏ ၀ါဒဖြန့်ချိရေး
ယန္တရား အနေဖြင့် ဆက်ရှိနိုင်မည်ကို ဂျာနယ်လစ်များက မေးခွန်းထုတ်ခဲ့
ကြပါသည်။
ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ
ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့သော အများပြည်သူ ၀န်ဆောင်မှု
မီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးရဲထွဋ်က ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် မြန်မာနိုင်ငံ
စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ဂျာနယ်လစ်များက ထိုကဲ့သို့ ကန့်ကွက်မေးခွန်း
ထုတ်ခဲ့ကြခြင်း ဖြစ်ပါသည်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်း ရေးဆွဲရသည့် အကြောင်းရင်းနှင့်
PSM ၏ ရည်ရွယ်ချက်၊ လုပ်ဆောင်မည့် အကြောင်းအရာများကို ဒုတိယ၀န်ကြီး
ဦးရဲထွဋ်က ရှင်းလင်းခဲ့ပြီးနောက် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)အဖွဲ့ဝင် ဒေါက်တာမျိုးသန့်တင်နှင့် ဦးသီဟစောတို့က စာနယ်ဇင်းကောင်စီ
(ယာယီ)၏ သဘောထားကို အောက်ပါအတိုင်း ထုတ်ဖော်ပြောကြား လိုက်ခြင်းဖြစ်သည်။
၁။ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ
မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်း ထားခြင်းဖြစ်ပြီး ရှိပြီးသား
ဥပဒေများကိုလည်း ထိခိုက်နေပါသည်။
၂။ အများပြည်သူ ၀န်ဆောင်မှု ဥပဒေကြမ်းသည် မီဒီယာများ မှန်မှန်ကန်ကန်
ရပ်တည်နိုင်အောင် ထိန်းသိမ်းပေးသည့် သဘောမျိုး ဖြစ်သင့်သော်လည်း
စီးပွားရေးဆန်သည့် သဘောမျိုးဖြစ်၍ မူလအဓိပ္ပါယ်နှင့် ကွဲလွဲနေကြောင်း
တွေ့ရပါသည်။
၃။ ယင်းဥပဒေ အခန်း (၃) ပုဒ်မ (၅)၊ ပုဒ်မခွဲ(ဃ) တွင် မူပိုင်ခွင့်နှင့်
မှတ်ပုံတင်ဌာနဟု သုံးစွဲရာ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီမှာ ၎င်းဌာနအစား
မူပိုင်ခွင့်နှင့် မော်ကွန်းဌာနဟု ပြောင်းလဲရန် ပြန်ကြားရေးဝန်ကြီး ဌာနက
သဘောတူထားပြီး ဖြစ်ပါသည်။
၎။ အခန်း(၅) အရ အများပြည်သူ ၀န်ဆောင်မှု မီဒီယာကောင်စီ ဖွဲ့စည်းခြင်းသည်
ရေးဆွဲဆဲဖြစ်သော သတင်းမီဒီယာ ဥပဒေတွင် ပါရှိမည့် သတင်းမီဒီယာ ကောင်စီနှင့်
အပြိုင်သဘော ဖြစ်နေသဖြင့် မသင့်တော်ပါ။
၅။ သတင်းမီဒီယာ သမားများနှင့် ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်များ၊
တာဝန်များ၊ အခွင့်အရေးများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ရေးဆွဲဆဲ
သတင်းမီဒီယာ ဥပဒေတွင် ကဏ္ဍအလိုက် အသေးစိတ် ရေးဆွဲထားပြီး ဖြစ်သဖြင့်
ယခုဥပဒေတွင် သီးခြားထပ်မံ ဖော်ပြရန် မလိုဟု ယူဆပါသည်။ သတင်းမီဒီယာ
သမားများ၏ တာဝန်နှင့် အခွင့်အရေးများသည် တန်းတူတစ်ပြေးညီသာ ဖြစ်သင့်သဖြင့်
ထပ်မံရေးဆွဲ ပြဋ္ဌာန်းရန် မလိုအပ်ခြင်း ဖြစ်သည်။ သတင်းမီဒီယာ အားလုံးအတွက်
ပြစ်မှုပြစ်ဒဏ်သည် တစ်ခုသာ ရှိသင့်သည်။
၆။ ပြည်သူ့ ဘဏ္ဍာငွေ၊ အဆောက်အအုံ၊ သယ်ယူပို့ဆောင်ရေးနှင့်
ကျန်လျော့ပေါ့ခွင့် များကိုလည်း ရယူလုပ်ဆောင်မည့် အများပြည်သူ ၀န်ဆောင်မှု
မီဒီယာ အနေဖြင့် ပုဂ္ဂလိက မီဒီယာ လုပ်ငန်းများကဲ့သို့ တစ်ပြေးညီ
အခွန်ဆောင်သင့်သည်။
PSM များသည် ဒီမိုကရေစီ အခြေခိုင်ခဲ့ပြီဖြစ်သော ဥရောပနိုင်ငံ အချို့နှင့် ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ အစရှိသော စကင်ဒီနေးဗီးယန်း နိုင်ငံများတွင် အောင်မြင်ခဲ့သော်လည်း ဒီမိုကရေစီ ဖွံ့ဖြိုးမှု နောက်ကျပြီး အသွင်ကူးပြောင်းစ နိုင်ငံများတွင် အောင်မြင်မှု မရသေးသော မီဒီယာ အမျိုးအစားဖြစ် . . . . . |
၇။ အများပြည်သူ ၀န်ဆောင်မှု မီဒီယာ အနေဖြင့် သတင်းစာများကို
ထုတ်ဝေဖြန့်ချိရာတွင် ကုန်ကျစရိတ်များကို ပြည်သူ့ဘဏ္ဍာငွေမှ ၇၀ ရာခိုင်နှုန်း
သုံးစွဲမည်ဟု ဆိုထားခြင်းကို လုံးဝ ကန့်ကွက်ပါသည်။ မိမိသတင်းစာ
ရောင်းရငွေနှင့် သတင်းစာမှ ရရှိသော ကြော်ငြာငွေဖြင့်သာ ရပ်တည်သင့်ပါသည်။
၈။ နိုင်ငံတကာတွင် ပြည်သူ့ဘဏ္ဍာငွေဖြင့် ပုံနှိပ်လုပ်ငန်း လုပ်ကိုင်ခြင်း
မရှိသဖြင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာတွင် ပုံနှိပ်မီဒီယာ
ထည့်သွင်းခြင်းကို ကန့်ကွက်ပါသည်။
၉။ နိုင်ငံတော် ဘတ်ဂျက်အား မြောက်မြားစွာ အသုံးပြု၍ အများပြည်သူ
ဝန်ဆောင်မှု အနေဖြင့် ကောင်စီ၊ ကော်မတီများစွာကို ထပ်မံဖွဲ့စည်းရန်
မလိုအပ်ပါ။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ယင်းအချက် ကိုးချက်ဖြင့်
အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို ကန့်ကွက်ခဲ့သည့်နည်းတူ
ထိုဥပဒေအရ ပေါ်ထွက်လာမည့် PSM သည် နိုင်ငံပိုင် သတင်းစာများနည်းတူ အစိုးရ၏
ဝါဒဖြန့်ချိရေး ယန္တရားအနေဖြင့် ဆက်ရှိနေမည်ကို သံသယရှိကြောင်း
ထိုရှင်းလင်းပွဲ၌ပင် ဂျာနယ်လစ်များက မေးခွန်းထုတ်ခဲ့ ကြပါသည်။
"PSM ကို သီအိုရီအရ ငြင်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ PSM အစစ်ဖြစ်အောင်
လုပ်နိုင်ပါ့မလား ဆိုတာကို သံသယ ရှိတာပါ။ ဘာကြောင့် အဲဒီလို သံသယ
ရှိသလဲဆိုရင် ပထမ အချက်ကတော့ မြန်မာနိုင်ငံက ဥရောပ နိုင်ငံတွေနဲ့
နောက်ခံချင်း မတူတဲ့ အခါကျတော့ မြန်မာနိုင်ငံက အာဏာရှင် စနစ်က
အသွင်ပြောင်းတယ်။ PSM အဖြစ် အသွင်ပြောင်းမယ်ဆိုရင် မီဒီယာက ဆယ်စုနှစ်
လေးငါးဆယ်လောက် အစိုးရရဲ့ ၀ါဒဖြန့်ချိရေးအတွက် အသုံးချ ခံခဲ့ရတဲ့ဟာ
ဖြစ်နေတယ်။ ဒီလို အသွင်ပြောင်းတဲ့အခါ သံသယ ရှိတဲ့အချက်က အဲဒီ အချက်ပေါ့။
အဲတာက အရေးကြီးပါတယ်။ ဘာလို့လဲ ဆိုတော့ တစ်လျှောက်လုံးမှာ အစိုးရကို
ဝါဒဖြန့်ပေးဖို့၊ ကာကွယ်နေဖို့အတွက် အသုံးချခဲ့တဲ့ လက်နက်တစ်ခု
ဖြစ်နေခဲ့တော့ အဲဒီဟာက PSM ဆိုတဲ့ ဥပဒေကြမ်းထဲက စံတွေပေါ့။ အဲတာတွေကို
လွတ်လွတ်လပ်လပ်ဖြစ်အောင် လုပ်နိုင်ပါ့မလား"ဟု မြန်မာဂျာနယ်လစ်
ကွန်ရက်အဖွဲ့ဝင် ဦးမြင့်ကျော်က မေးခွန်းထုတ်ခဲ့ပါသည်။
ကြေးမုံ၊ မြန်မာ့အလင်းကဲ့သို့ နိုင်ငံပိုင် သတင်းစာများ၊
မြန်မာ့အသံနှင့် မြန်မာ့ရုပ်မြင်သံကြား ကဲ့သို့သော နိုင်ငံပိုင်
မီဒီယာများကို အသွင်ပြောင်းရန် ခြေလှမ်းပြင်ခဲ့သော အများပြည်သူ ၀န်ဆောင်မှု
မီဒီယာ ဥပဒေကြမ်းနှင့် ဆက်စပ်ပြီး ပေါ်ထွက်လာမည့် PSM များသည် ဒီမိုကရေစီ
အခြေခိုင်ခဲ့ပြီဖြစ်သော ဥရောပနိုင်ငံ အချို့နှင့် ဒိန်းမတ်၊ ဆွီဒင်၊ နော်ဝေ
အစရှိသော စကင်ဒီနေးဗီးယန်း နိုင်ငံများတွင် အောင်မြင်ခဲ့သော်လည်း
ဒီမိုကရေစီ ဖွံ့ဖြိုးမှု နောက်ကျပြီး အသွင်ကူးပြောင်းစ နိုင်ငံများတွင်
အောင်မြင်မှု မရသေးသော မီဒီယာ အမျိုးအစား ဖြစ်ပါသည်။
အစိုးရထံမှ ဘတ်ဂျက် ၇၀ ရာခိုင်နှုန်း ရယူပြီး ကြော်ငြာကဏ္ဍမှ အနည်းဆုံး ၃၀
ရာခိုင်နှုန်း ရယူကာ လုပ်ငန်းလည်ပတ်မည့် PSM များသည် ပုဂ္ဂလိကပိုင်
မီဒီယာများနှင့် ယှဉ်ပြိုင်ဘက် ဖြစ်လာပြီး လုပ်ပိုင်ခွင့်သာ မကဘဲ ဘဏ္ဍာရေး
အရပါ အသာစီး ရယူထားသည်ဟု ဂျာနယ်လစ်များက ရှုမြင်ကြပါသည်။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာများသည် လူနည်းစုများ၏ အသံ၊ တိုင်းရင်းသား
လူနည်းစုများ၏ အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး၊ နိုင်ငံရေးပါတီ
အားလုံး၏အသံ၊ အစိုးရနှင့် ၀န်ကြီးဌာနများ၏ ထုတ်ပြန်ချက်အားလုံး
အစရှိသည်တို့ကို ဖော်ပြပေးမည်ဖြစ်ပြီး ပုဂ္ဂလိက မီဒီယာများကို မဟာဗျူဟာ
လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားမည်ဟု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က
ပြောကြားခဲ့ပြီး ထိုပြောကြားချက် များကိုလည်း ဂျာနယ်လစ်များက သံသယ
ရှိနေခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲနေသော
ပုံနှိပ်မီဒီယာ ဥပဒေကြမ်း၊ ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲခဲ့သော
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်း၊ အများပြည်သူ ၀န်ဆောင်မှု
ဥပဒေကြမ်း အစရှိသဖြင့် ဥပဒေကြမ်းသုံးခု ရှိနေပြီး အချို့သော
ပြဋ္ဌာန်းချက်များမှာ တူညီမှုများ ရှိနေသည့်အပြင်
အချို့ပြဋ္ဌာန်းချက်များကြောင့် ဥပဒေအရ ရှုပ်ထွေးမှုများ ရှိနေသည့်အပြင်
အများပြည်သူ ၀န်ဆောင်မှု ဥပဒေ၏ ဖွင့်ဆိုချက် အဓိပ္ပါယ်များ သဲကွဲမှု
မရှိဆိုသော ဝေဖန်ချက်များလည်း ရှိခဲ့ပါသည်။
ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် ယခင်အစိုးရ လက်ထက်က အစိုးရ၏
ဝါဒဖြန့်ချိရေး ယန္တရား လည်ပတ်နိုင်ရန် ဦးဆောင်လုပ်ဆောင် ခဲ့သူများ
ဖြစ်သည့်အပြင် နာမည်ကျော် ဒေါက်တာဆိတ်ဖွားနှင့် ပတ်သက်နေသော ပိတောက်မြေ
ဝက်ဘ်ဆိုက်နှင့် ပိတောက်မြေ ရေဒီယိုကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနကပင်
စီစဉ်ထုတ်လွှင့်ခဲ့သည့် သာဓကများ ရှိခဲ့ပါသည်။ ထိုအချိန်က ပြန်ကြားရေး
ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏
ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးရဲထွဋ်က တာဝန်ယူခဲ့ပါသည်။
"ကျွန်တော် မြင်တာကတော့ နိုင်ငံပိုင် မီဒီယာကို နာမည်တစ်မျိုး
ပြောင်းပြီးတော့ လုပ်တဲ့သဘောမျိုးပဲ သက်ရောက်တယ်လို့ ထင်တယ်ဗျာ။
နိုင်ငံပိုင် မီဒီယာ ဆိုတာကလည်း နိုင်ငံရဲ့ ဘဏ္ဍာတွေနဲ့ လုပ်တာပဲ။
အများပြည်သူ ၀န်ဆောင်မှု မီဒီယာဆိုလည်း အများပြည်သူရဲ့ ဘဏ္ဍာနဲ့ လုပ်မှာပဲ။
ကြီးကြပ်တာကလည်း အစိုးရပိုင်းက ပုဂ္ဂိုလ်တွေက ပေါ်လစီကို
ညွှန်ကြားပေးပြီးတော့မှ အယ်ဒီတာက အဲဒီလိုအောက်မှာမှ သူဘယ်အထိ
တိုင်းတာမှာလဲဆိုတာ တော်တော်စဉ်းစားရမယ့် အနေအထားနဲ့ လုပ်ရမှာဆိုတော့
သိပ်တော့မထူးဘူးလို့ ထင်တာပဲ"ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)အဖွဲ့ဝင်နှင့် ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဦးဖေမြင့်က
ရှင်းလင်းပွဲ အပြီးတွင် ပြောကြားခဲ့ပါသည်။

No comments :
Post a Comment