Blogger Widgets

Thursday 20 June 2013

အချိုးကျ ကိုယ်စားပြု (PR) စနစ် လက်မခံဟု ဒေါ်အောင်ဆန်းစုကြည် ပြော ကြား

တိုင်းရင်းသားပါတီ အများစုက ကန့်ကွက်နေသော အချိုးကျ ကိုယ်စားပြု (PR) စနစ်ကို လက်မခံကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

PR စနစ်ကို လက်မခံကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ပြောကြားမှုမှာ ရွေးကောက်ပွဲ ကော်မရှင်က PR စနစ် ကျင့်သုံးရန် လုပ်ဆောင်နေသည့် ကာလအတွင်း ပထမဆုံး ပြောကြားခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၁၈ ရက်နေ့က တက္ကသိုလ်ရိပ်သာ လမ်းရှိ နေအိမ်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင် ပါတီ ငါးခုမှ ခေါင်းဆောင်ရှစ်ဦးနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခြင်းဖြစ်ကြောင်း ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ မရင့်ကျက်သေးသည့် နိုင်ငံမျိုးတွင် ရှုပ်ထွေး သည့် PR စနစ်ကို ကျင့်သုံးရန် မသင့်ကြောင်း၊ ဗြိတိန်ကဲ့သို့ နှစ်ပေါင်းများစွာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့သည့် နိုင်ငံတွင်ပင် ယင်းစနစ်ကို ပြန်လည် ဖျက်သိမ်းထားကြောင်း အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြခဲ့သည်။

ဒေါ်အောင်းဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် တိုင်းရင်းသား ပါတီ ငါးခု ကလည်း PR စနစ်ကို လက်မခံကြောင်း ယင်းတွေ့ဆုံပွဲတွင် ပါဝင် တက်ရောက်သူ တစ်ဦးဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“၅၃ ပါတီ ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ ဦးခွန်ထွန်းဦးတို့ PR စနစ်ကို ဆန့်ကျင်တဲ့ သဘောထား ပေးခဲ့တယ်။ NLD နဲ့ ရှမ်းအပါအဝင် ကျွန်တော်တို့ တိုင်းရင်းသားတွေက လက်မခံဘူးလို့ ပြောခဲ့ပါတယ်” ဟု ဦးအေးသာအောင် က ဆိုသည်။

ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီက PR စနစ်ကို ပြောင်းလဲ ကျင့်သုံးရန် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းပြီး PR စနစ်နှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီ ၅၅ ပါတီတို့ သုံးကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

PR စနစ်ကို ၂၀၁၃ ခုနှစ်အတွင်း ဆုံးဖြတ် အတည်ပြုပေးရန် မေလ ၁၃ ရက်နေ့က ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။

PRျ စနစ် ကျင့်သုံးရန် ရှိ မရှိကို ၂၀၁၃ ခုနှစ်အတွင်း အတည်ပြုပေးနိုင်ခြင်း မရှိပါက လူထုကို အသိပေး လုပ်ငန်းများ လုပ်ဆောင်ရန် အချိန် မရှိတော့ သဖြင့် လာမည့် ရွေးကောက်ပွဲတွင် ကျင့်သုံးတော့မည် မဟုတ်ကြောင်း၊ လက်ရှိစနစ်သာ ဆက်လက် ကျင့်သုံးသွား မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။
အချိုးကျ ကိုယ်စားပြုစနစ် (PR) မှာ ယခုစနစ်ကဲ့သို့ မဲဆန္ဒရှင် ပြည်သူများ က ကိုယ်စားလှယ်လောင်းကို တိုက်ရိုက် မဲပေး ရွေးချယ်ခြင်း မဟုတ်ဘဲ ဝင်ရောက် ယှဉ်ပြိုင်သည့် ပါတီများမှ မိမိနှစ်သက်ရာ ပါတီကိုသာ ရွေးချယ် မဲပေးရခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်များတွင် ပါတီအလိုက် ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရှိသော မဲရာခိုင်နှုန်း အချိုးအတိုင်း ရရှိသည့် လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ကို သက်ဆိုင်ရာ ပါတီများက မိမိ ပါတီဝင် များထဲမှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ခန့်အပ်မည့်သူ ကို ပြန်လည် ရွေးချယ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော စနစ်မှာ နိုင်သူ အကုန်ယူ (Winner Takes All) စနစ်ဖြစ်ပြီး မဲဆန္ဒနယ် တစ်ခုတွင် မဲအများဆုံး ရရှိသော ကိုယ်စားလှယ်လောင်းကို လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။

ယင်းကြောင့် PR စနစ် ပြောင်းလိုက်ပါက ပါတီတစ်ခုတည်းက အမတ်နေရာ အားလုံးကို ရရှိနိုင်မည် မဟုတ်ဘဲ ပါတီအများစုက အချိုးကျ ရရှိမည့် အနေအထားဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top