Blogger Widgets

Thursday 20 June 2013

MIC မှ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုသော ကျွန်းဖီလာကျွန်းမှာ လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ်တွင် ပါဝင်နေ

lanpiisland-june20
လန်ပိကျွန်းသို့ နိုင်ငံခြားသား ခရီးသွားများ လာရောက် အပန်းဖြေနေစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းခရိုင်တွင် ၁၉၉၆ ခုနှစ်မှစ၍ လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ရာ ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လန်ပိကျွန်း၊ ၀အလယ်ကျွန်း၊ ဗိုလ်ချိုကျွန်း၊ ညောင်ဝီးကျွန်းနှင့် ကျွန်းဖီလာကျွန်းတို့ ပါဝင်ကြောင်း သိရသည်။
လန်ပိကျွန်း အမျိုးသားအဏ္ဏ၀ါ ဥယျာဉ်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်ရှိ ကျွန်းများတွင် တစ်ခုတည်းသော အမျိုးသားအဏ္ဏ၀ါ ဥယျာဉ်ဖြစ်ကြောင်း၊ မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသည့်အနက် ကျွန်းငါးကျွန်းကို စုပေါင်းကာ လန်ပိကျွန်း အမျိုးသား အဏ္ဏ၀ါဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်၊ ဇွန် ၁၂ ရက်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (MIC) က ကျွန်းဖီလာနှင့် ငါးမန်းကျွန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဟိုတယ်လုပ်ငန်းအဖြစ် ဖက်စပ်လုပ်ကိုင်ရန် ကျော်ဝင်းဖြိုးမောက် ကုမ္ပဏီနှင့် Mokan International Co.Ltd တို့အား BOT စနစ်ဖြင့် နှစ် ၅၀ ငှားရမ်း လုပ်ကိုင်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ကျွန်းဖီလာကျွန်းသည် ကော့သောင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၄၅ မိုင်ခန့်တွင် တည်ရှိပြီး သောင်ကမ်းသဲတန်းရှည်၍ လှပသော သဲသောင်ကမ်းခြေနှင့်အတူ ကျောက်ခက်၊ ကျောက်ပန်းများ အရောင်စုံ၊ အမျိုးစုံရှိခြင်း၊ ၎င်းကျွန်း၏ အနောက်မြောက်ဘက်ရှိ ဗိုလ်ရွဲကျွန်းတွင် တစ်နှစ်ပတ်လုံး ရေချိုသုံးနိုင်သော ရေတံခွန်ငယ် ရှိခြင်း၊ တောင်ဘက်မျက်နှာပြင်တွင် Mongrove (လမုမင်)တောနှင့် အတူ လှေလှော်နိုင်သော စမ်းချောင်းရှိခြင်းနှင့် ဆလုံလူမျိုးများ ယာယီလာရောက်၍ ၀မ်းစာရှာခြင်းများ ဆောင်ရွက်လေ့ရှိကြောင်းကို သဘာဝအရင်းအမြစ် လေ့လာသော ခရီးသွား မှတ်တမ်းများမှ သိရသည်။
အမျိုးသား အဏ္ဏ၀ါဥယျာဉ်ကဲ့သို့ နာမည်ကြီး လူကြိုက်များသော ကျွန်းများမှာ အောက်ကျွန်းနီကျွန်း၊ နာနတ်သီးကျွန်း၊ တောင်တော်ဝင်ကျွန်း၊ မြောက်တော်ဝင်ကျွန်းများ ဖြစ်၍ ကော့သောင်းမြို့မှ ရေမိုင် ၆၀ ၀န်းကျင်တွင် တည်ရှိသည်။
"လန်ပိကျွန်းဆိုတာ အဏ္ဏ၀ါ အမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ထားတဲ့ နေရာပါ။ ကျွန်းပေါ်မှာ သစ်ပင်၊ သစ်တော ခုတ်လို့မရသလို ကျွန်းပတ်လည်မှာလည်း ငါးဖမ်းလို့ မရပါဘူး။ အခုနောက်ပိုင်း ကျွန်းတွေမှာ သဘာဝ သယံဇာတတွေ နည်းပါးသွားတာ တွေ့ရပါတယ်။ နိုင်ငံခြားသား ခရီးသွားတွေက သဲသောင်တွေပေါ် အလှအပတွေကို ပိုပြီးစိတ်ဝင် စားကြပါတယ်။ အခုလို လုပ်ခြင်းအားဖြင့် လန်ပိကျွန်းရဲ့ သဲသောင်အလှအပတွေ ထိခိုက်ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top