Blogger Widgets

Friday, 21 June 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့၏ ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် အချက်ရှစ်ချက်ပါ သဘောတူညီမှုအား လက်မှတ်ရေးထိုးခဲ့

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီတို့၏ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ဇွန် ၁၉ ရက်မှ ၂၀ ရက်အထိ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါ ဆွေးနွေးပွဲတွင် အချက်ရှစ်ချက်ပါ သဘောတူညီမှု တစ်ခုအား နှစ်ဘက် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရသည်။
သဘောတူညီခဲ့သည့် အချက်ရှစ်ချက်တွင် (က) နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆက်လက်ဆောင်ရွက် နိုင်ရန်နှင့် အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံပွဲကြီးသို့ ရောက်ရှိရေး ဆက်လက် ဆောင်ရွက်သွားရန်၊ (ခ)တပ်ပိုင်းဆိုင်ရာများကို နှစ်ဖက်ကိုယ်စားလှယ်များ ဆွေးနွေးမှုများသည် အပြုသဘော ပိုမိုဆောင်၍ တိုးတက်မှုများ ရခဲ့ပါသည်။ နောင် အစည်းအဝေးများတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆက်လက်ဆွေးနွေးရန်၊ (ဂ)ပူးတွဲ စောင့်ကြည့်ကြီးကြပ်ရေး ကော်မတီကို (၁) ကယားပြည်နယ် အစိုးရမှ တာဝန်ပေးအပ်သူ နှစ်ဦး၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီမှ နှစ်ဦး၊ သမာသမတ်ကျသော ရပ်မိရပ်ဖခြောက်ဦး စုစုပေါင်း ၁၀ ဦးတို့ဖြင့် ဖွဲ့စည်းရန် (၂) လူမှု အခြေပြု အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလိကများ၊ ပြည်တွင်းအန်ဂျီအိုများဖြင့် အတူတကွ လက်တွဲဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်ကို နှစ်ဖက် တာဝန်ရှိသူများက ညှိနှိုင်းရေးဆွဲ အတည်ပြုရန် (၃)စောင့်ကြည့် လေ့လာသည့် သတင်းပေးပို့သူ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို နှစ်ဘက်စလုံးမှ ရန်ပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ ဥပဒေမဲ့ အပြစ်ပေးခြင်းများ မပြုလုပ်ရန်၊ (ဃ) ကကားပြည်နယ်အတွင်း ရွာသစ်စီမံကိန်း အပါအ၀င် ထပ်မံအကောင် အထည်ဖော်မည့် အကြီးစား စီမံကိန်းများကို အများပြည်သူလူထု၊ လူထုအသင်းအဖွဲ့များအား လေ့လာခွင့်ပြုရန်၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှိရမည့်အပြင် ဒေသခံပြည်သူလူထု နစ်နာမှု မရှိရေး အစိုးရနဲ့ တာဝန်ရှိသူတို့က အာမခံ ဆောင်ရွက်ပေးရန်၊ (င) ကယားပြည်နယ် အတွင်းရှိ ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများ ပြန်လည်နေရာ ချထားမည့် နေရာများတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေး ကိစ္စများကို နှစ်ဘက်အဖွဲ့အစည်းက ညှိနှိုင်းဆောင်ရွက်ရန်၊ (စ) ပြည်တွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေရသူများအား နေရာချထားရေးအတွက် ရှားတောမြို့နယ် ဒေါတခဲ ဒေသတွင် စံပြစီမံကိန်း နမူနာတစ်ခုကို နှစ်ဘက်အဖွဲ့အစည်းမှ ညှိနှိုင်းဆောင်ရွက်ရန်၊ (ဆ)မူဝါဒ သဘောတူညီ ချက်များကို အကောင်အထည် ဖော်နိုင်ရန်အတွက် နှစ်ဘက် အဖွဲ့အစည်းများမှ အလုပ်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်၊ (ဇ) ပြည်နယ်တွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အစိုးရနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီတို့ ပူးပေါင်းဆောင်ရွက်ရန်တို့ ဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top