Blogger Widgets

Wednesday 12 June 2013

ရွှေတိဂုံဘုရားတွင် အဆင့်မြင့် လမ်းညွှန်မြေပုံများ စိုက်ထူသွားမည်

ရွှေတိဂုံရင်ပြင်ပေါ်တွင် လာရောက်သော နိုင်ငံခြားဘုရားဖူးများအား မိမိလိုရာသို့ အဆင်ပြေစွာ သွားလာနိုင်ရန် အတွက် အဆင့်မြင့် လမ်းညွှန်မြေပုံများ ထားရှိသွားမည်ဖြစ်ကြောင်း ရွှေတိဂုံဂေါပက အဖွဲ့ထံမှ ၆-၆-၂၀၁၃ ရက်က သိရသည်။ ရွှေတိဂုံစေတီတော်သည် မြန်မာနိုင်ငံ၏ ထင်ရှားသော စေတီတစ်ဆူဖြစ်၍ လမ်းညွှန် ဆိုင်းဘုတ်များကို အဆင့်အတန်းမြင့်စွာ လုပ်ဆောင်သင့်သောကြောင့် ထိုသို့ လုပ်ဆောင်နိုင်ရန် ပညာရှင်များနှင့် လှူဒါန်းလိုသူများ လိုအပ်ကြောင်း သိရသည်။
“မြေပုံဆိုတာက နိုင်ငံခြား ခရီးသွားတွေအတွက် အကျင့်ဖြစ်နေပြီ။ ဥပမာ- နေလဘုရားကို သွားချင်ရင် လိုက်ရှာစရာ မလိုတော့ဘူး။ လမ်းညွှန်မြေပုံမှာ ကြည့်လိုက်ရင် ရပြီ။ ဒါကြောင့် လမ်းညွှန်မြေပုံ ထားရှိမှာ။ ကျွန်တော်တို့ လုပ်မယ်ဆိုရင် ဗီနိုင်းလောက်ပဲ လုပ်နိုင်မှာ။ ရွှေတိဂုံစေတီနဲ့ ကိုက်ညီတဲ့ အဆင့်မြင့် လမ်းညွှန်မြေပုံ ထားရှိဖို့ လုပ်တတ်တဲ့ ပညာရှင်၊ ဒါမှမဟုတ် ကုန်ကျစရိတ် လှူဒါန်းမယ့်သူတွေကို ကြိုဆိုပါတယ်” ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရွှေတိဂုံစေတီ ရင်ပြင်ပေါ်တွင် ထားရှိမည့် လမ်းညွှန်မြေပုံမှာ လေဆိပ်များတွင် ထားရှိသည့် အီလက်ထရွန်နစ် နည်းပညာဖြင့် ပြုလုပ်ထားသော လမ်းညွှန်မြေပုံကဲ့သို့ လုပ်ဆောင်မည်ဖြစ်၍ ထောင့်တစ်ခုတွင် မြေပုံတစ်ခု ထားရှိမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရွှေတိဂုံစေတီသို့ နိုင်ငံခြားဘုရားဖူးများ လာရောက်မှု ပို၍ များလာပြီး ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ကြောင်း၊ အာရှနိုင်ငံများမှ ဘုရားဖူးများ လာရောက်မှု ပို၍များသော်လည်း ဥရောပမှ ဘုရားဖူးများလည်း ယခုနှစ်တွင် လာရောက်မှုများ ရှိကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top