Blogger Widgets

Friday, 28 June 2013

ပညာသင်ရန် အခက်အခဲဖြစ်နေသူ အားလုံး ဆန်စပါးအသင်းချုပ်" ထောက်ပံ့မည်

မြန်မာတစ်နိုင်ငံလုံးရှိ ဆင်းရဲနွမ်းပါး၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြားရန် အခက်အခဲဖြစ်နေသူများ အားလုံးကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဖောင်ဒေးရှင်း တည်ထောင်၍ ကျောင်းသားဦးရေ ကန့်သတ်ချက်မရှိ ပညာရေးအတွက် ထောက်ပံ့မည်ဖြစ်ကြောင်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။
ငွေကြေး အခက်အခဲ ဖြစ်နေသည့် ကျောင်းသား၊ ကျောင်းသူများသည် အသင်းနှင့် ဆက်သွယ် လျှောက်ထားနိုင်ပြီး တောင်သူလယ်သမား သားသမီးများကို ဦးစားပေး စဉ်းစားမည်ဖြစ်ကာ ပိုမိုချို့တဲ့ နွမ်းပါးသူများဆိုလျှင် လိုအပ်သည့် ထောက်ခံချက် ပြည့်စုံသူများအား ထောက်ပံ့ပေးသွားမည်ဟု ၄င်းက ပြောပြသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ပညာရေးဖောင်ဒေးရှင်းကို ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်ခန့်က စတင်တည်ထောင်ခဲ့ပြီး ပညာသင်ထောက်ပံ့စရိတ် လျှောက်လွှာများကို လာမည့် ဇူလိုင် ၃၀ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း အဆိုပါ ပညာရေး ဖောင်ဒေးရှင်းထံမှ စုံစမ်းသိရှိရသည်။
ပညာရေးဖောင်ဒေးရှင်း၏ ထောက်ပံ့ကြေးဖြင့် ဘွဲ့ရကျောင်းပြီးသွားသူများကို အလုပ်အကိုင် ရရှိရေးအတွက်ပါ တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ပညာရေးဖောင်ဒေးရှင်း၏ မတည်ငွေကို ထုတ်ဖော်ဖြေကြားနိုင်ခြင်း မရှိသေးဟု ယင်းပညာရေး ဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျွန်တော့်တူ နှစ်ယောက်ရှိတာ တစ်ယောက်ကတော့ အောင်သွားပြီ။ အမှတ်က သုံးရာကျော်လောက် ရတယ်။ ပညာသင်စရိတ် အခက်အခဲရှိတော့ ဒီပညာသင် ထောက်ပံ့ကြေးကို လျှောက်ဖို့ လုပ်နေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ဆားချက်အုပ်စု ကွင်းကုန်းကျေးရွာ ဒေသခံလယ်သမား ဦးဇော်ဝင်းနိုင်က ဆိုသည်။
မြန်မာဆန်စပါး အသင်းချုပ်၏ ပညာသင်ထောက်ပံ့ကြေး ရယူလိုသူများသည် ယင်းအသင်းနှင့် ညီနောင်အသင်းခွဲများတွင် အသင်းဝင်ထားသူများ ဖြစ်ရမည်ဖြစ်ပြီး သက်ဆိုင်ရာ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သည့် ကျောင်း၏ ထောက်ခံချက် ပါရှိရမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဘယ်မေဂျာပဲဖြစ်ဖြစ်၊ အဝေးသင်ပဲဖြစ်ဖြစ်၊ Day ဖြစ်ဖြစ် လျှောက်နိုင်ပါတယ်။ ကန့်သတ်မထားပါဘူး။ ကျောင်းရဲ့အနေအထားပေါ် မူတည်ပြီး ပညာသင်စရိတ်ကို ဆုံးဖြတ်ပေးပါမယ်။ ပညာသင်စရိတ်ကို တစ်လကို တစ်ကြိမ် ထောက်ပံ့ပေးသွားပါမယ်။ ပုံသေနှုန်း သတ်မှတ်ထားတာ မရှိပါဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ကို အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး ကျပ်တစ်သောင်းခွဲ ပေးသွင်း၍ မည်သူမဆို အလွယ်တကူ ဝင်ရောက်နိုင်ကြောင်း ယင်းအသင်းထံမှ စုံစမ်းသိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top