Blogger Widgets

Thursday 27 June 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်ရပ်နားစခန်းနှင့် ရဲစခန်းတိုးချဲ့ တည်ဆောက်မည်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်ရပ်နား စခန်းများ (Rest Camps) လုံလောက်မှု မရှိသေးသဖြင့် တိုးချဲ့တည်ဆောက်လျက် ရှိကြောင်းနှင့် အလားတူ ရဲစခန်းများကိုလည်း ထပ်မံ တည်ဆောက်လျက်ရှိကြောင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တည်ဆောက်ရေး လုပ်ငန်းစဉ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆွေးနွေးပွဲတွင် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။
အဆိုပါ ယာဉ်ရပ်နားစခန်းများကို မိုင် ၅၀ နှင့် မိုင် ၇၀ အကြားတွင် တစ်ခုစီ တည်ဆောက်သွားရန် စီစဉ်ထားကြောင်း၊ အမှတ် (၃) လမ်းဆုံမှ မိုင် ၄၀ အကွာရှိ ဘုရားကြီး ဘောနက်ကြီးတွင်တစ်ခု၊ ၁၁၅ မိုင် (ဖြူး)၊ နေပြည်တော်အ၀င် ၂၀၂ မိုင်၊ ၂၈၆ မိုင်ရှိ သီးကုန်း(မိတ္ထီလာ)၊ ၃၅၂ မိုင်ရှိ စကားအင်း (တံတားဦး) လမ်းဆုံတွင်တစ်ခု တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် နေပြည်တော်အ၀င် ၂၀၂ မိုင်တွင်မူ လက်ရှိတည်ဆောက်နေပြီ ဖြစ်ကြောင်းလည်း သိရသည်။
"လက်ရှိမှာ Rest Camps တွေက နှစ်ခုပဲ ရှိသေးတယ်။ ဒါတွေကို ကျွန်တော်တို့ ဆက်လက်တည်ဆောက် သွားမှာပါ။ လုံလောက်တဲ့ မိုင်အကွာအဝေးမှာ Rest Camps တွေကို တည်ဆောက်မယ်။ မိုင် ၅၀ ကို တစ်ခုဆောက်မယ်။ ရဲစခန်းတွေကိုလည်း အခုလက်ရှိထက် တိုးချဲ့သွားမှာပါ။ အမြန်လမ်းကြီးဟာ လက်ရှိအနေအထားဟာ လေးလမ်းမောင်းပဲ သွားနိုင်ပါသေးတယ်။ ရှစ်လမ်းအပြည့်အ၀ မလုပ်နိုင်သေးပါဘူး။ အမြန်လမ်း တောက်လျှောက်မှာ ခြံစည်းရိုး ခတ်ဖို့တွေလည်း ရှိနေပါသေးတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့တော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟုလည်း ဦးကျော်လင်းက ဆက်လက်ပြောကြားခဲ့သည်။
ရဲစခန်းများကိုမူ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ (၁) ဘုရားကြီး ဘောနက်ကြီး၊ (၂) ဒိုက်ဦး အုတ်ရှစ်ကုန်းလမ်း၊ (၃) သူဌေးကုန်း၊ မြို့ချောင်းလမ်း၊ (၄) ဖြူးရေအားလျှပ်စစ် အ၀င်လမ်း၊ (၅) အုတ်တွင်း-ပေါက်ခေါင်းလမ်း၊ (၆) သာဂရ-ကိုးဝင်လမ်း၊ (၇) ပျဉ်းမနား-တောင်ညို-တောင်တွင်းကြီးလမ်း၊ (၈) ပျော်ဘွယ်-နတ်မောက်လမ်း၊ (၉) မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၊ (၁၀) မြစ်သား-မြင်းခြံလမ်း၊ (၁၁) ကျောက်ဆည်-တံတားဦးလမ်း စသည့်နေရာများတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
အလားတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး တစ်လျှောက်တွင် Guards Rails များ၊ CCTV ကင်မရာများကိုလည်း တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top