Blogger Widgets

Saturday, 29 June 2013

မြန်မာနိုင်ငံ၌ နှစ်စဉ် သစ်တောဧရိယာ ဧက ၅၀၀၀၀ ကျော် သစ်ထုတ်ယူမှုကြောင့် ဆုံးရှုံးနေ

မြန်မာနိုင်ငံ၌ နှစ်စဉ် သစ်တောဧရိယာ ဧက ၅၀၀၀၀ ကျော်သည် သစ်ထုတ်ယူမှုကြောင့် ဆုံးရှုံးနေပြီး သစ်တောစိုက် ဧရိယာ ၂၄ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်၏ ပြောကြားချက်အရ သိရှိရသည်။
ပြီးခဲ့သည့် ဇွန် ၂၆ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် စိမ်းလန်းခြင်း အမွေအနှစ် ဟောပြောပွဲ၌ ဒေါက်တာထွန်းလွင်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
''လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က မြန်မာနိုင်ငံ သစ်တောစိုက်ခင်းက ၁၄၉၈၈၉ စတုန်ရန်းမိုင် ရှိခဲ့တယ်။ ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင်တော့ ၅၇ ရာခိုင်နှုန်း။ အဲဒီနောက်ပိုင်း တစ်နှစ်ကို ဧက ငါးသောင်းလောက် ထုတ်ယူပြီးတဲ့ နောက်မှာ သစ်တောစိုက်ခင်း ၂၄ ရာခိုင်နှုန်းပဲ ရှိတော့တယ်'' ဟု ဒေါက်တာထွန်းလွင်က ဆိုပါသည်။
သစ်တောသစ်ပင် နည်းပါးခြင်း၊ သဘာဝပတ်ဝန်းကျင် ပြောင်းလဲခြင်းသည် ရာသီဥတု ဖောက်ပြန်မှုကို ဖြစ်ပေါ်လာစေပြီး ယခုနှစ်ပိုင်းများတွင်း မြန်မာနိုင်ငံ ရာသီဥတု ပြောင်းလဲမှုများ၌ သိသာသော အချက်များမှာ မိုးရရှိမှု နည်းပါးခြင်း၊ မုတ်သုံအ၀င် နောက်ကျခြင်း၊ အထွက်စောခြင်း၊ ဆောင်းကာလ တိုတောင်းခြင်း၊ ပူပြင်း ခြောက်သွေ့သော ကာလရှည်လျားခြင်း စသည်တို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှုသည် ၁၉၇၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၆၁ ရာခိုင်နှုန်း၊ ၁၉၈၉ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၉ ရာခိုင်နှုန်း၊ ၁၉၉၈ ခုနှစ်တွင် နိုင်ငံဧရိယာ၏ ၅၂ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယခင်က မြန်မာနိုင်ငံသည် အာရှ-ပစိ ဖိတ်ဒေသအတွင်း သဘာဝ သစ်တောဧရိယာ အပေါများဆုံး နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ခဲ့ပြီး သဘာဝသစ်တော ဖုံးလွှမ်းမှု ရာခိုင်နှုန်းအရ မြန်မာနိုင်ငံသည် ကမ္ဘာတွင် ပဉ္စမမြောက် သစ်တောဖုံးလွှမ်းမှု အများဆုံး နိုင်ငံဖြစ်ကြောင်း လက်ရှိတွင်မူ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သစ်တောပြုန်းတီးမှု အဆိုးရွားဆုံး နိုင်ငံ ၁၀ နိုင်ငံအနက် စတုတ္ထ နေရာတွင် ရပ်တည်နေကြောင်း မြန်မာနိုင်ငံသည် သစ်များအား ပြည်ပသို့ တရားဝင် တင်ပို့မှုအပြင် နယ်စပ်လမ်းကြောင်းများမှ တရားမ၀င် တင်ပို့မှုကြောင့်လည်း ယခုနှစ်များ၌ သစ်တောပြုန်းတီးမှု မြင့်တက်ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top