မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရ။
မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများသမဂ္ဂ ဥက္ကဌ အရှင် ခေမာစာရနှင့် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို အမေရိကန်ပြည်ထောင်စု အိုင်အိုဝါ ပြည်နယ် (Iowa State) မာရှဲလ်တောင်း (Marshalltown) မြို့၌ ဇွန်လ ၁၆ ရက် တနင်္ဂနွေနေ့ နေ့လည်ပိုင်း အချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အရှင် ခေမာစာရနှင့် တွေ့ဆုံဆွေးနွေးကြမည့် မြန်မာတိုင်းရင်းသား
အင်အားစုများမှာ အိုင်အိုဝါ (Iowa) ပြည်နယ်နှင့် နဘရားစကား(Nebraska)
ပြည်နယ်မှ ကရင်တိုင်းရင်းသား အင်အားစုများ၊ မြန်မာ့ဒီမိုကရေစီအရေး
တက်ကြွလှုပ်ရှားသူ အင်အားစုများနှင့် ရခိုင်တိုင်းရင်းသားအင်အားစုများ
ဖြစ်ကြောင်းသိရှိရသည်။
လက်ရှိ မြန်မာ့နိုင်ငံရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်ပေါ်မှုအခြေအနေ၊
မူဆလင်- ဗုဒ္ဓဘာသာ ပဋိပက္ခအပါအ၀င် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလီအရေး
ကိစ္စရပ်များကို အဓိက ဦးစားပေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း အရှင် ခေမာစာရက
အာရ်ကန်တိုင်းမ်စ်သို့ မိန့်ကြားသည်။
ရခိုင်ပြည် ရခိုင်လူမျိုး အရေးကိစ္စနဲ့ ပတ်သက်၍ "
ဦးဇင်းတို့ ရခိုင်လူမျိုးတွေမှာလည်း မိမိလူမျိုးရဲ့ ဟန်ပန်တခု
ပီပီပင်ပင်ရှိဖို့ လိုအပ်တဲ့အကြောင်းရယ်၊ စည်းလုံးညီညွတ်မှု
အရေးကြီးတဲ့အကြောင်းရယ်၊ ဒီမိုကရေဆီအရေး၊ အမျိုးသားရေးနှင့် နိုင်ငံရေး
အခန်းကဏ္ဍတွေမှာ ပိုပြီးတော့ စိတ်ဝင်တစားရှိဖို့နဲ့ တက်တက်ကြွကြွ
ပူပေါင်းပါဝင်လာဖို့ လိုအပ်တယ်ဆိုတဲ့ အချက်တွေအပါအ၀င် ရခိုင်ပြည်မှာ
ရခိုင်လူမျိုးတွေနေနိုင်အောင် နေချင်လာအောင် ဘယ်လိုဆောင်ရွက်ကြမလဲ
ဆိုတာတွေကို အဓိက ထည့်သွင်း ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။ " ဟု အရှင် ခေမာစာရက မိန့်ဆိုသည်။
မည်သည့်နိုင်ငံနှင့် လူမျိုးတိုင်းတွင်မဆို ခေတ်အဆက်ဆက်တွင် အခက်အခဲ
ပြဿနာအနည်းနှင့် အများရှိနေတတ်ကြသဖြင့် ရခိုင်လူမျိုးများ အနေဖြင့်လည်း
မိမိတို့၏ မျက်မှောက်ခေတ်ကာလတွင် ရင်ဆိုင်ကြုံတွေ့နေရသည့်
အခက်အခဲပြဿနာများကို ပညာသတိရှိရှိ၊ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့နှင့်
ရင်ဆိုင်ပြီး၊ ကာကွယ် ထိန်းသိမ်းသွားကြမှ သာလျှင် အနာဂတ် မျိုးဆက်သစ်
လူငယ်များအတွက် အားကောင်းသည့် ရခိုင်ပြည်ဖြစ်လာအောင် မျိုးစေ့ကောင်း
ချပေးရာရောက်ကြောင်း ဆရာတော်က မိန့်ကြားခဲ့သည်။

No comments :
Post a Comment