ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ဗလိပေါက် (ပုလဲပေါက်) ကျေးရွာသားများ အနေဖြင့် စစ်တပ်က သိမ်းယူသွားသော လယ်ယာမြေများ ပြန်လည် ရရှိရေး အတွက် ဆင်နွဲရန် စီစဉ်ထားသည့် ထွန်းတုံး တိုက်ပွဲကို စစ်တပ်က လယ်ဧက ၈၀ ကိုပြန်ပေးသဖြင့် မပြုလုပ်တော့ဟု ကျေးရွာသား တစ်ဦးက ပြောသည်။
မင်းပြားမြို့နယ် ဗလိပေါက် အုပ်စုရှိ ဗလိပေါက် နှင့် တုတ်ပင်လယ်
ကျေးရွာသစ်မှာ ရွာသား ၂၀၀ ခန့် ပိုင်ဆိုင်သော လယ်မြေဧက ၄၃၂ ဧကို
ကျောက်တော်မြို့နယ် အခြေစိုက် စကခ တပ်မ (၉) လွန်ခဲ့သော ၁၉၉၆ ခုနှစ်ကတည်းက
သိမ်းယူသွားခဲ့သည်။
အဆိုပါ လယ်မြေများကို ပြန်လည် ရရှိရန် အတွက် ရွာသားများက ယခုလ အတွင်း ထွန်တုံး တိုက်ပွဲ ဆင်နွှဲရန် စီစဉ်ခဲ့သည်ဟု သိရသည်။
“ အခုကတော့ စစ်တပ်က လယ်သမား ၄၀ အတွက် လယ်ဧက ၈၀ ကို ပြန်ပေးတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ပေးတဲ့လယ်တွေ ပေါ်မှာ လုပ်ကိုင်စားသောက်မှာ ဖြစ်ပြီး ထွန်းတုံး တိုက်ပွဲ အစီအစဉ်ကို မလုပ်ကြတော့ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပြင် ဗိုလ်မှူးကြီး စောရွှေတို့ အဖွဲ့ ရွာကို လာစစ်တုန်းကလည်း ဒီလယ်မြေတွေကို ရွာသားတွေ ပြန်ရအောင် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လိုင်ဆီမှာ တင်ပြသွားမယ်လို့ ပြောပါတယ်” ဟု ဗလိပေါက် ရွာသား တစ်ဦးက ပြောသည်။
ဗိုလ်မှူးကြီး စောရွှေမှာ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် တစ်ခြားမြေများ သိမ်းဆည်းမူ စုံစမ်းရေး ကော်မရှင်မှ ရခိုင်ပြည်နယ် တာဝန်ခံ ဖြစ်သည်။
သို့အတွက် ကျန်ရှိနေသော လယ်မြေများကိုလည်း စစ်တပ်က ပြန်လည် ပေးအပ်လိမ့်မည်ဟု မျှော်လင့်နေကြောင်း သူက ပြောသည်။
“ အခု လယ်ဧက ၃၅၀ ကျော် ကျန်နေပါသေးတယ်။ ကျန်တဲ့ လယ်တွေကိုလည်း ရွာသားတွေက နောက်နှစ်မှာ ပြန်လည် ရရှိနိုင်ပါတယ်။ ဒီနှစ်မှာတော့ ကျန်တဲ့ လယ်တွေကို စစ်တပ်က လုပ်ကိုင်မယ်လို့ ပြောပါတယ်။ ဒီနှစ် သီးစားလည်း မချဘူးလို့ ပြောပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ်သည် တိုင်းနှင့် ပြည်နယ် ၁၄ ခုထဲတွင် စစ်တပ်၏ မြေယာ အများဆုံး အသိမ်းခံရသော ပြည်နယ် ဖြစ်သည်။ အသိမ်းခံရသည့် မြေများထဲတွင် လယ်စိုက်ပျိုးနေသည့်မြေများ၊ ဥယာဉ်များ၊ ဓနိတောများ၊ ပုဇွန်ကန်များလည်း ပါဝင်သည်ဟု သိရသည်။

No comments :
Post a Comment