မြန်မာနိုင်ငံ ၀န်ကြီးဌာန အသီးသီးမှ အကြီးတန်း အရာရှိများ
ကိုရီးယားနိုင်ငံသို့ ပြည်သူ့ရေးရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲ
တက်ရောက်ရန်အတွက် ကိုရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး
အေဂျင်စီ (KOICA) အစီအစဉ်ဖြင့် သွားရောက်မည်ဖြစ်ကြောင်း ကိုရီးယား
သံရုံးမှ ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ့ရေးရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲကို
ကိုရီးယားနိုင်ငံ၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ၁၄ ရက်ကြာ
ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင်
ဦးစိုးဦး ဦးဆောင်၍ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၊
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ရုံး၊
ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန် အဖွဲ့တို့အပြင်
အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊
ပညာရေး ၀န်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန၊
ယဉ်ကျေးမှု ၀န်ကြီးဌာန၊ မီးရထား သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် သမ၀ါယမ
ဝန်ကြီးဌာနတို့မှ အကြီးတန်း အရာရှိ ၂၀ တို့ သွားရောက်မည်ဖြစ်ကြောင်း
သိရသည်။
၎င်းခရီးစဉ်တွင် တောင်ကိုရီးယား နိုင်ငံ၏ အစိုးရပြုပြင် ပြောင်းလဲရေးနှင့်
အပြောင်းအလဲဆိုင်ရာ စီမံခန့်ခွဲမှုမှ စွမ်းရည်မြှင့်တင်ရေး၊ လူပုဂ္ဂိုလ်
ပြုပြင်ပြောင်းလဲရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး၊ e-Government နှင့်
ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ရေးရာ
အဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲခြင်း၊ ပြည်သူ့ရေးရာ လူ့စွမ်းအား
အရင်းအမြစ် မူဝါဒနှင့် နည်းစနစ်များ စသည့်ဘာသာရပ်ဆိုင်ရာ လေ့လာမှုများနှင့်
ကိုရီးယားနိုင်ငံ၏ စက်မှုဖွံ့ဖြိုးတိုးတက်မှု၊ ခြစားမှု တိုက်ဖျက်ရေး
ပြည်သူ့အခွင့်အရေး ကော်မရှင်နှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများသို့
သွားရောက်လေ့လာ ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments :
Post a Comment