မန်မာ့လက်ရွေးစင် ဘောလုံးအကျော်အမော်များ ပေါ်ထွက်ခဲ့သော သိမ်ဖြူ
အားကစားကွင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ရောင်းချလိုက်ခြင်းကို
မင်္ဂလာတောင်ညွန့် မြို့နယ်အတွင်း နေထိုင် သူများနှင့် အားကစား
ဝါသနာရှင်များက ကန့်ကွက်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအေးမင်းက ဇွန်လ ၁၇
ရက်နေ့တွင် မြန်မာဂျာနယ်လစ် ကွန်ရက် ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာ
ရှင်းလင်းပွဲ တွင် ပြောကြားသည်။
သိမ်ဖြူ အားကစားကွင်းကို ပုဂ္ဂလိကထံ လွှဲပြောင်းခြင်းကို ပြည်သူများက
ကန့်ကွက်သည့် စာကို နိုင်ငံတော်သမ္မတရုံး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချူပ်ရုံးနှင့် သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ၂၀၁၃ ခုနှစ် ဇွန်လ ၁၃
ရက်နေ့က ပေးပို့ထားကာ လုပ်ပိုင်ခွင့် ရရှိသော လုပ်ငန်းရှင်မှ ပြည်သူများထံ
ပြန်လည် ပေးအပ်ပါက ကုန်ကျစရိတ်များကို မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ
ပြည်သူများက စုပေါင်း အကုန်ကျခံ၍ ပြန်လည် ပေးအပ်မည်ဟု ၎င်းက ဆိုသည်။
“အရင်က ဘောလုံးကွင်း နေရာဆိုတော့ အခုလည်း ဘောလုံးကွင်းပဲ
ပြန်ဆောက်စေချင်တယ်” ဟု ဦးအေးမင်းက ဆိုသည်။
သိမ်ဖြူ အားကစားကွင်းသည် မြန်မာ့လက်ရွေးစင် ဘောလုံး
အကျော်အမော်များဖြစ်သည့် ဦးမောင်မောင်တင်၊ ဦးဘပုနှင့် လက်ရှိ
နိုင်ငံလက်ရွေးစင် ရန်ပိုင် ပေါ်ထွက်ခဲ့ကာ လွန်ခဲ့သော အနှစ်၂၀ ကျော်မှ စကာ
သိမ်ဖြူ ယာဉ်မောင်းသင်ကွင်းအဖြစ် ပြောင်းလဲခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်
ဧပြီလကုန်မှ စတင်ကာ ယာဉ်မောင်းသင်ကွင်း အဖြစ်မှ ပိတ်သိမ်းခဲ့ကြောင်း
ဘောလုံးနည်းပြ ဦးညီညီအောင်က ပြောကြားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနက လက်ထောက်ဌာနမှူး ဦးဝင်းမြင့်ထံ
ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ဆက်သွယ် မေးမြန်းရာ ၎င်းကမသိကြောင်း
ဖြေကြားခဲ့သည်။
ယာဉ်မောင်း သင်ကွင်းကို ဖျက်၍ အကာအရံများ ကာရံကာ မြေယာ ပြုပြင်မှုများကို
ရွှေတောင် ကုမ္ပဏီသို့ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ နောက်ပိုင်းတွင် မြို့တော်
စည်ပင်သာယာရေး ကော်မတီက ငှားရမ်းလိုက်ကြောင်း၊ ယင်းနေရာတွင် ဈေးဝယ်စင်တာ၊
ရုံးခန်းများနှင့် လူနေ အဆောက်အအုံများ၊ အပန်းဖြေရန် နေရာများ ဆောက်လုပ်ရန်
ပြင်ဆင်နေကြောင်း တရားလွှတ်တော် ရှေ့နေ ဦးအေးမင်း က ဆိုသည်။
စီမံကိန်း နေရာအနီးတွင် ကန်တော်ကြီး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာ၊
အလုပ်သမားဆေးရုံ အစရှိသည် တို့ လုံလောက်စွာ ရှိနှင့်ပြီးဖြစ်ရာ အလားတူ
အဆောက်အအုံများ ထပ်မံ တည်ဆောက်ရန် မလိုအပ် သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း
၎င်းက ဆက်လက် ပြောကြားသည်။
ယင်းမြေနေရာ၌ အားကစားနှင့် ကာယပညာ ဦးစီးဌာနက ဘောလုံးကွင်း တည်ဆောက်မည်ဟု
ပြောဆိုခဲ့စဉ်က ကန့်ကွက်ခြင်း မပြုခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဧပြီလ ၃၁ ရက်
မတိုင်မီက နိုင်ငံပိုင် သတင်းစာများတွင် တင်ဒါ ခေါ်ယူခဲ့သည်ဟု ဆိုသော်လည်း
နိုင်ငံတော်မှ တင်ဒါကြေး မည်မျှရရှိကာ မည်သည့် အဆောက်အအုံများ
တည်ဆောက်မည်ကို ပြည်သူများအား ပွင့်လင်းစွာ အသိပေးမှု မရှိခဲ့ကြောင်း၊ ယခင်
ယာဉ်မောင်းသင်ကွင်းအဖြစ် အသုံးပြုခဲ့စဉ်ကလည်း ကောက်ခံရရှိသည့် နှစ်စဉ် ကြေး
လစဉ်ကြေးများ၊ ထိုကွင်းတွင် နှစ်စဉ် ကျင်းပသည့် ရခိုင်ရိုးရာ
ရေကစားပွဲအတွက် ငှားရမ်း ရရှိသော ငွေကျပ် သိန်း ၄၀ နီးပါးခန့်ကို
မည်သည့်နေရာတွင် အသုံးပြုသည်ကိုလည်း ပြည်သူများက မသိခဲ့ရကြောင်း ၎င်းက
ရှင်းပြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ရွှေတောင်ကုမ္ပဏီကို ဆက်သွယ် မေးမြန်းရာ ၎င်းတို့
တည်ဆောက်နေခြင်း မဟုတ်ကြောင်း ငြင်းဆိုသည်။
သိမ်ဖြူ အားကစားကွင်းသည် နှစ်ပေါင်း ၆၀ ကျော် သက်တမ်းရှိကာ ယခင်က
သိမ်ဖြူကွင်းအတွင်း တွင် ဘောလုံးကွင်း သုံးကွင်း၊ ဟော်ကီကွင်း တစ်ကွင်း၊
တင်းနစ်ကွင်း တစ်ကွင်းရှိခဲ့ကာ ယခုအခါ တွင် သိမ်ဖြူ လက်ဝှေ့အားကစားရုံ
ဟော်ကီကွင်းနှင့် တင်းနစ်ကွင်းတို့သာ ကျန်ရှိသည်။

No comments :
Post a Comment