Blogger Widgets

Friday, 14 June 2013

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် အချက်လေးချက်က အဟန့်အတား ဖြစ်နေဟု ဗြိတိန် ကုန်သွယ်ရေးဝန်ကြီး ပြောကြား

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်မှာ အချက်လေးချက်က အဟန့်အတား ဖြစ်နေသည်ဟု ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး လော့ဒ်စတီဖင်ဂရင်းက ဇွန် ၁၃ ရက်က ကုန်သည်ကြီးများ ဟိုတယ်တွင် ပြောကြားခဲ့သည်။
၎င်းက မြန်မာနိုင်ငံ၏ ဆွဲဆောင်မှုများကို ရှုမြင်သလို အကျင့်ပျက် ခြစားမှုများနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းက ဗြိတိန်စီးပွားရေး လုပ်ငန်းများအတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံ အဆောက်အဦများက လူများနှင့် သတင်းအချက်အလက်များ လွယ်ကူစွာ မစီးဆင်းနိုင်ရန် အဟန့်အတား ဖြစ်နေကြောင်း၊ ဘဏ်လုပ်ငန်းကဏ္ဍက စိတ်ပျက်ဖွယ် ဖွံ့ဖြိုးမှုနိမ့်ကျနေခြင်းကြောင့် ငွေလုံးငွေရင်းများ လည်ပတ်စီးဆင်းရန် ကန့်သတ်ထား သကဲ့သို့ ဖြစ်နေကြောင်းနှင့် အရည်အသွေး ပြည့်မီပြီး ကျွမ်းကျင်သည့် လုပ်သားအင်အား စုလုံလောက်စွာ မရှိခြင်းကလည်း ရင်းနှီးမြှုပ်နှံသူများအတွက် စိန်ခေါ်မှု ဖြစ်နေကြောင်း ထောက်ပြပြောကြား သွားခဲ့သည်။
''အရည်အသွေးအမြင့်ဆုံး ရင်းနှီးမြှုပ်နှံမှုတွေကို သည်နိုင်ငံက ဆွဲဆောင်နိုင်စွမ်း ရှိနေအောင် သည်အရေး ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရေး အတွက် မြန်မာအစိုးရက အာရုံစိုက်နေတယ်လို့ ကျွန်တော်တို့ နားလည်ထားပါတယ်။ ဗြိတိသျှအစိုးရနဲ့ ဗြိတိသျှ စီးပွားရေး လုပ်ငန်းတွေကလည်း ဒါကို အပြည့်အ၀ ထောက်ခံအားပေးလျက် ရှိပါတယ်'' ဟု ၀န်ကြီး စတီဖင်ဂရင်းက ပြောကြားသွားခဲ့သည်။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးက ဗြိတိန်စီးပွားရေး လုပ်ငန်းများမှာ မြန်မာနိုင်ငံကို အလွန်စိတ်ဝင်စားနေပြီး ယခုခရီးစဉ် မတိုင်မီတွင် ၀န်ကြီးများ ဦးဆောင်သော ကုန်သွယ်ရေး အထူးကိုယ်စားလှယ်အဖွဲ့ နှစ်ဖွဲ့ လာရောက်နိုင်ရန် စီစဉ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် အတွင်းတွင်လည်း မြန်မာနိုင်ငံသို့ ဗြိတိန်မှ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ အနည်းဆုံး နောက်ထပ်သုံးဖွဲ့ ထပ်မံလာရောက်ရန် အစီအစဉ် ရှိနေကြောင်း သိရသည်။
ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၂၀၁၂ ခု နှစ်အတွင်းတွင် ပေါင်စတာလင် ၁၂ ဒသမ ၈ သန်းဖိုး တင်ပို့ခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ပထမ သုံးလပတ်အတွင်းတွင် ဗြိတိန်၏ တင်ပို့မှုများမှာ ၁၇၈ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သိရသည်။
ဗြိတိန်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး စတီဖင်ဂရင်းသည် မြန်မာနိုင်ငံသို့ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်များတွင် ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဗြိတိန်စီးပွားရေး လုပ်ငန်းရှင်အချို့ ပါဝင်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ လိုက်ပါလာခဲ့ကြသည်။

No comments :

Post a Comment

Blogger Widgets
Back to Top