မလေးရှားနိုင်ငံ၌
လတ်တလော အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား
ရွှေ့ပြောင်းလုပ်သား များအတွက် မြန်မာတိုင်းရင်းသား
စီးပွားရေးလုပ်ငန်းရှင်များက အလှူငွေများကို ပေးအပ်လှူဒါန်းလျက်
ရှိကြသည့်အပြင် လိုအပ်သော အကူအညီများအတွက်လည်း ကဏ္ဍအလိုက် ပံ့ပိုးစီစဉ်
ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက
ကနဦးလှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၅ဝဝဝဝ ကို မလေးရှားနိုင်ငံ နာရေးကူညီမှု
အသင်းမှတစ်ဆင့် လည်းကောင်း၊ ဇွန် ၁၂ ရက်တွင် အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇအာမခံ
လုပ်ငန်းဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမေရိကန်ဒေါ်လာ ၁ဝဝဝဝဝ ကို လည်းကောင်း
ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အတူ မြန်မာအပြည်ပြည်ဆိုင်ရာ
လေကြောင်းလိုင်းကလည်း မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာလိုသူ
နိုင်ငံသားများအတွက် အထူးအစီအစဉ်အဖြစ် ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို ဇွန်
၁၂ ရက်မှ ဇူလိုင် ၁၂ ရက်အထိ လေယာဉ်လက်မှတ်ခကို ၅ဝ ရာခိုင်နှုန်း ထက်ဝက်
လျှော့ချ၍ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက် ရှိသည်။ အလားတူ ရွှေမြန်မာ
လေကြောင်းလိုင်း အနေဖြင့်လည်း လေယာဉ်လက်မှတ်ခ မယူဘဲ မြန်မာနိုင်ငံသို့
အခမဲ့ပြန်လည် တင်ဆောင်လာပေးမည် ဖြစ်ကြောင်း၊ ရွှေမြန်မာ လေကြောင်းလိုင်း
အနေဖြင့် မလေးရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်း ပြေးဆွဲခြင်း မရှိသေးသော
ကာလဖြစ်၍ လက်ရှိ ပြေးဆွဲလျက်ရှိသော စင်ကာပူ-ရန်ကုန်၊ စင်ကာပူ-မန္တလေးနှင့်
ဗန်ကောက်-ရန်ကုန်၊ ဗန်ကောက်-မန္တလေး ရွှေမြန်မာ လေကြောင်းလိုင်းဖြင့်
စီးနင်းလိုက်ပါလိုလျှင် စင်ကာပူလေဆိပ်အခွန်၊ ဗန်ကောက်လေဆိပ် အခွန်သာ
ပေးဆောင်ရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်
ရှိကြောင်းကို ကွာလာလမ်ပူရှိ မြန်မာသံရုံး၏ ထောက်ခံစာ ယူလာပြီး
လေယာဉ်လက်မှတ်ခ ပေးဆောင်ရန် မလိုဘဲ စင်ကာပူလေဆိပ် အခွန်၊ ဗန်ကောက်လေဆိပ်
အခွန်သာ ပေးဆောင်ရုံဖြင့် စီးနင်းလိုက်ပါနိုင်ကြောင်း၊ မြန်မာနိုင်ငံသို့
ပြန်လာလိုသူ မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် စင်ကာပူ +၆၅ ၉၂၃၄၆၅၉၁/
+၆၅ ၉၁၈၂၉၃၉ဝ၊ ဗန်ကောက် +၆၆ ၂၁၃၄၇၉၃၈-၉/ +၆၆ ၈ ၄၉၉ဝ၆ဝ၉ဝ/+၆၆ ၉ဝ၉၇၄၁၉၄၄၊
ရန်ကုန် +၉၅ ၁၈၆ဝ၄ဝ၃၅-၈/ +၉၅ ၉၄ဝဝ၄၄၆၉၉၉/ +၉၅ ၉၄ဝဝ၄၄၇၉၉၉ တို့သို့
ဆက်သွယ်နိုင်ပြီး နေ့စဉ် ရွှေမြန်မာ လေကြောင်းလိုင်း ပျံသန်းချိန်
အချိန်ဇယား (Flight Schedule) မှာ Y5 234 စင်ကာပူ-ရန်ကုန် ၁၅း၃၅/ ၁၇းဝ၅
(ဒေသစံတော်ချိန်/Local Time)၊ Y5 238 ဗန်ကောက်-ရန်ကုန် ၂၁း၁ဝ/၂၁း၅၅
(ဒေသစံတော်ချိန်/ Local Time)၊ Y5 234 ရန်ကုန်-မန္တလေး ဝ၆း၁၅/ဝ၇း၃ဝ
(ဒေသစံတော်ချိန်/ Local Time) ဖြစ်ကြောင်း Golden Myanmar Air Lines
Public.Co.,Ltd က သတင်းထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ထုတ်
မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment