Blogger Widgets

Wednesday, 19 June 2013

မလေးရှားပြန် မြန်မာများကို အလုပ်ရှာပေးမည်ဟု ဝန်ကြီးဆို

အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော မလေးရှားပြန် အလုပ်သမားများကို အလုပ်ရှာပေးမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။
မလေးရှားနိုင်ငံက ပြန်လာသည့် လုပ်သားများကို ၄င်းတို့ တတ်ကျွမ်းသည့် လုပ်ငန်းများတွင် အလုပ်အကိုင်ရရှိအောင် လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးကို ယခုရက်ပိုင်းအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကောင်တာတစ်ခုဖွင့်ကာ နေရာချထားရန် စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။
ယင်းအပြင် မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာမည့် အလုပ်သမားများကို ဧရာဝတီဖောင်ဒေးရှင်း လက်အောက်တွင်ရှိသည့် လုပ်ငန်းများတွင် ခန့်အပ်လုပ်ကိုင်ခွင့် ရရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Max Myanmar Group မှ Web Master & Media Officer ဦးမိုးဝေအောင်က ပြောကြားသည်။
“ဘယ်နှဦးရယ်လို့တော့ ကန့်သတ်ချက် မရှိပါဘူး။ လုပ်မယ်ဆိုရင် ခန့်သွားပေးမယ်” ဟု ၄င်းက ဆိုသည်။ မလေးရှားနိုင်ငံက ပြန်လည်ရောက်ရှိလာသူများကို ထူးထရေးဒင်း ကုမ္ပဏီက တစ်ဦးလျှင် အမေရိကန်ဒေါ်လာ တစ်ရာစီ၊ ရွှေပြည်နန်းကုမ္ပဏီက ငါးသောင်းကျပ်စီ ပေးအပ်ခဲ့ကြောင်းလည်း အဆိုပါကုမ္ပဏီများထံမှ သိရသည်။
 
မလေးရှားရောက် မြန်မာများအတွက် Max Myanmar ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က အမေရိကန်ဒေါ်လာ နှစ်သောင်းနှင့် လေယာဉ်လက်မှတ် အစောင်ရေ တစ်ထောင်၊ ကမ္ဘောဇဘဏ်က အမေရိကန်ဒေါ်လာ ငါးသောင်းတို့ကို ဇွန်လ ၁၂ ရက်နေ့တွင် မလေးရှားနိုင်ငံရှိ ကပုန်းနာရေးကူညီမှု အသင်းသို့ ပေးအပ်ခဲ့ကြောင်း ယင်းအသင်းထံမှ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top