ရခိုင်ပြည်နယ်တွင် မူလတန်းကျောင်း သုံးကျောင်းဆောက်လုပ်ရန် အင်ဒိုနီးရှား
အစိုးရက အမေရိကန်ဒေါ်လာတစ်သန်း ထောက်ပံ့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သံအမတ်ကြီး Sebastianus Sumarsono
ပြောကြားခဲ့ကြောင်း ဂျာကာတာပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါကျောင်းများ ဆောက်လုပ်ခြင်းမှာ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ
ဒဏ်သင့်ပြည်သူများ ပြန်လည်နေရာ ချထားရေးအတွက် အထောက်အပံ့များစွာ
ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီး က ပြောကြားခဲ့သည်ဟု ယင်းသတင်းတွင်
ဖော်ပြထားသည်။
ဇွန်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့ အထိ အင်ဒိုနီးရှားနိုင်ငံတွင်
ကျင်းပသည့် အင်ဒို-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင်
၎င်းက သတင်းမီဒီယာများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြည်ပနိုင်ငံများက ပေးအပ်သော ထောက်ပံ့ရေးအစီအစဉ်များ အတွက်
ရခိုင်ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ကြောင်း၊
ရခိုင်ပြည်နယ်ရှိ မြို့နယ် နှင့် ကျေးရွာအသီးသီးတွင်လည်း မူလတန်း၊
အလယ်တန်းနှင့် အထက်တန်းကျောင်းများ ယခင်ကတည်းကပင် ရှိနေကြောင်း
ရခိုင်ပြည်နယ် အစိုးရသတင်းနှင့် ပြန်ကြားရေးဌာန အတွင်းရေးမှူး
ဦးဝင်းမြိုင်က ဆိုသည်။
စာသင်ကျောင်းများ တည်ဆောက် ပေးရန်အတွက် အင်ဒိုနီးရှားအစိုရထံမှ
အမေရိကန်ဒေါ်လာ တစ်သန်းကို လွန်ခဲ့သည့် သုံးပတ်ကြာကပင် လက်ခံရရှိထားပြီး
ဖြစ်ကြောင်း အင်ဒိုနီးရှားသံအမတ်ကြီး ကပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၀၈ခုနှစ် အတွင်းက ရခိုင်ပြည်နယ်တွင်
သုံးထပ်ဆောင် အထူးကုဆေးရုံ တည်ဆောက်ရန် အမေရိကန်ဒေါ်လာတစ်သန်း
ထောက်ပံ့ခဲ့ဖူးသည်။

No comments :
Post a Comment