ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း တွေ့ဆုံညှိနှိုင်းပွဲကို တောင်ကြီးမြို့၌ ပြုလုပ်နေစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)
ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း၏ (၁၅) ကြိမ်မြောက်
အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ဖြည့်စွက်၍
ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်စေရန် တိုက်တွန်းသည့် အချက်များပါသည့်
အချက်ခြောက်ချက်အား သဘောတူညီခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ဖက်ဒရယ် ပြည်ထောင်စုပါတီ ဖွဲ့စည်းရန်၊
လွှတ်တော်ရွေးကောက် ပွဲများတွင် အချိုးကျ ကိုယ်စားပြုစနစ် (PR)
ကျင့်သုံးခြင်းအား ကန့်ကွက်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး
ဖော်ဆောင်ရာတွင် အနှောင့်အယှက် ဖြစ်သည့် မတရားအသင်းဆိုင်ရာအက် ဥပဒေပုဒ်မ
၁၇(၁)(၂)နှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂(က)
ပုဒ်မခွဲ(၃)တို့အား ပယ်ဖျက်ရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ လက်ရှိနိုင်ငံရေး ပါတီများ၊
အစိုးရ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ၊ လက်နက်ကိုင်
တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ ပါဝင်သည့်
ပြည်ထောင်စု ညီလာခံတစ်ရပ် ခေါ်ယူကျင်းပရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို
ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ဆောင်ရွက်ရန်
နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု လွှတ်တော်အား တိုက်တွန်းခဲ့ကြောင်း
သိရသည်။
''ကျွန်တော်တို့ ဒီအစည်းအဝေးကနေ ဒီမိုကရေစီစနစ် ရှင်သန်ပြီး
တိုင်းပြည်ငြိမ်းချမ်းရေး ရရှိစေရန်အတွက် တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံသား
မဟုတ်သူတွေ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊
မဲဆန္ဒပေးပိုင်ခွင့် ပြုခြင်းတို့ဟာ နိုင်ငံတော်၏ အချုပ်အခြာအာဏာ
နှောင့်ယှက်ထိပါးနိုင်သည့် အတွက် ၎င်းနဲ့ပတ်သက်တဲ့ ဥပဒေပုဒ်မတွေကို
ပယ်ဖျက်ပေးရန် တိုက်တွန်းဖို့ သဘောတူခဲ့ပါတယ်'' ဟု ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီမှ ဒေါက်တာစိုင်းကျော်က ပြောကြားသည်။
ယင်းဆွေးနွေးပွဲတွင် တိုင်းရင်းသား ဒေသများရှိ ကျေးရွာများတွင်
ဖြစ်ပေါ်နေဆဲဖြစ်သည့် နေအိမ်များ မီးရှို့ဖျက်ဆီးနေမှုများ၊
အမျိုးသမီးများအပေါ် အကြမ်းဖက်မတရား ပြုကျင့်မှုများ၊ ပြည်သူများ
ပိုင်ဆိုင်သည့် မြေယာများကို မတရား သိမ်းဆည်းမှုများ စသည့် ဥပဒေမဲ့
ကျူးလွန်နေသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း
တိုက်တွန်းခဲ့သည်။
''ဒီဖက်ဒရယ် ပြည်ထောင်စုပါတီ တည်ထောင်ပြီးပြီဆိုရင် ပါတီဝင်တွေကိုတော့
မူချပြီး လုပ်ဆောင်မှာပါ။ လက်ရှိပါတီတွေကနေ ၀င်ချင်တယ်ဆိုရင် အဲဒီပါတီကနေ
နုတ်ထွက်ရမယ်။ ပါတီလက်ကိုင်မရှိသူ တွေကိုသာ ပါတီဝင်အဖြစ် လက်ခံမှာပါ။
ပီအာစနစ်ကိုတော့ ကျွန်တော်တို့ ညီနောင် ၁၅ ပါတီက လုံးဝလက်မခံပါဘူး'' ဟု
ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောသိန်းအောင်က ပြောကြားသည်။
ညီနောင်တိုင်းရင်းသား ပါတီများမှာ ရှမ်းတိုင်းရင်းသားများ
ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊
ကယန်းအမျိုးသားပါတီနှင့် အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့
ဖြစ်ကြပြီး အစည်းအဝေးသို့ လေ့လာသူအဖြစ် တက်ရောက်သည့် ပါတီများမှာ
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊
ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊
တအောင်း(ပလောင်) အမျိုးသားပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်၊ ''၀''
ဒီမိုကရက်တစ်ပါတီ၊ ''၀'' အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသား
လူမျိုးစုများ ဖွံ့ဖြိုးရေးပါတီတို့ ဖြစ်ကြသည်။

No comments :
Post a Comment