Blogger Widgets

Sunday 26 May 2013

ငွေဆောင်နှင့် ကျောက်တန်းတွင် ပုစွန်ဖြူ စမ်းသပ်မွေးမြူမှု အောင်မြင်

ရန်ကုန် (မဇ္ဈိမ)။   ။ ဧရာဝတီတိုင်းရှိ ငွေဆောင်နှင့် ရန်ကုန်တိုင်းရှိ ကျောက်တန်း ဒေသတို့တွင် ပုစွန်ဖြူ စမ်းသပ်မွေးမြူရာ အောင်မြင်မှု ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ပုစွန် လုပ်ငန်းရှင်များ အသင်းက ဆိုသည်။
“ပြီးခဲ့တဲ့ သုံးလလောက်က ငွေဆောင်နဲ့ ကျောက်တန်းမှာ ပြည်တွင်းက ပုစွန်ပညာရှင်တွေ စုပေါင်းပြီး ပုစွန်ဖြူ စမ်းသပ်မွေးမြူခဲ့တာ ပြည်တွင်းဈေးကွက်အတွက် အောင်မြင်ခဲ့ပါတယ်” ဟု ပုစွန်လုပ်ငန်းရှင်များ အသင်းက ဥက္ကဋ္ဌ ဦးနှင်းဦး က ပြောသည်။
ငွေဆောင်ဒေသတွင် ပြည့်ဖြိုးကျော် ကုမ္ပဏီနှင့် ကျောက်တန်းဒေသတွင် အောင်မိုးခိုင် ကုမ္ပဏီ၏ ဂဏန်းပျော့
မွေးမြူရေးဝင်းအတွင်း စနစ်တကျ မွေးမြူခဲ့ခြင်း ဖြစ်သည်။
“ငွေဆောင်မှာက နှစ်ဧကခန့်ရှိတဲ့ ကန် ၆ ကန်မှာ မွေးခဲ့တာ။ တကန်ကို သားပေါက် သုံးသိန်း ဝန်းကျင် ထည့်မွေးခဲ့တာပါ။ တကန်ကို ၅ တန်လောက် ထွက်ပါတယ်။ အောင်မြင်ပါတယ်။ ထပ်တိုးချဲ့ မွေးဖို့ကျတော့ အရင်းအနှီး မနိုင်သေးသလို ဖြစ်နေတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ပုစွန်မွေးမြူရာတွင် နိုင်ငံ အများတွင် ဖြစ်နေသော EMS ခေါ် စောစီးစွာ သေရခြင်း လက္ခဏာစု ကပ်ရောဂါ တမျိုးကြောင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည်။ လက်ရှိ ပုစွန်စမ်းသပ်မွေးမြူမှုတွင် ယင်း ကပ်ရောဂါ ကျရောက်မှု မရှိဘဲ အောင်မြင်ခဲ့သည်ဟု ဆိုသည်။
“အရင်နှစ်တွေက ပြီးခဲ့တဲ့ သားပေါက်ချိန်ရောဂါပိုး တခုကြောင့် သားပေါက်တွေ သေဆုံးမှု ရှိခဲ့ပါတယ်။ ပုစွန်နဲ့ ပတ်သက်ပြီး မွေးမြူတဲ့ နည်းပညာတွေ၊ ရောဂါ ကာကွယ်တားဆီးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပေးနိုင်ရင် ပုစွန်မွေးမြူရေးလုပ်ငန်းက အတော်တိုးတက်လာမှာပါ” ဟု ပုစွန်မွေးမြူရေး လုပ်ကိုင်သူ ဦးအောင်မြင့် က ပြောသည်။
မြန်မာ့ ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့ရာ တနှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရရှိနေကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top