Blogger Widgets

Thursday, 16 May 2013

ချယ်လ်ဆီးနှင့် အတူ ဖြတ်သန်းခဲ့သည့် ဥရောပ အတွေ့အကြုံ အတွက် ဂုဏ်ယူကြောင်း ဘင်နီတက်ဇ်ဆို

ချယ်လ်ဆီးနှင့် အတူ ဖြတ်သန်းခဲ့သည့် ဥရောပ အတွေ့အကြုံ စွန့်စားခန်း အတွက် မိမိ ဂုဏ်ယူပါကြောင်း မန်နေဂျာ ရာဖာ ဘင်နီတက်ဇ်က ပြောကြားလိုက်သည်။

ရာသီကုန်တွင် ချယ်လ်ဆီး၏ ယာယီမန်နေဂျာ ရာထူးကို စွန့်လွှတ်ရဖွယ် ရှိနေသည့်တိုင် အဆိုပါ စပိန်သား မန်နေဂျာ အနေဖြင့် ရာသီဝက် ကိုင်တွယ်မှုအတွင်း ယူရိုပါလိဂ် ဆုဖလားကို အသင်းနှင့်အတူ ပိုင်ဆိုင် ဆွတ်ခူးနိုင်ခဲ့သည်။ ဘင်ဖီကာကို (၂-၁)ဖြင့် အနိုင်ရခဲ့သည့် ဗိုလ်လုပွဲ အပြီးတွင် ဘင်နီတက်ဇ်က "ကိုယ့်စွမ်းဆောင်ရည်ကို လူတွေက သတိထားမိလောက်အောင် ဖြစ်မလာချိန်မှာ ကိုယ့်ဘက်က ဆုဖလား တစ်ခုခုကို ရယူလိုက်နိုင်တယ် ဆိုတာမျိုးက တွေးကြည့်ရင် ဝမ်းနည်းစရာ တစ်ခုလိုပါပဲ။ ကျွန်တော့် ကစားသမားတွေအတွက် ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ချယ်လ်ဆီးဟာ လောလောဆယ်မှာ အသွင်ကူးပြောင်း ဖွဲ့စည်းဆဲ အသင်းတစ်ခုသာ ဖြစ်ပါတယ်။ အစကတည်းက ခက်ခဲတဲ့ အခြေအနေတွေနဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတာပါ"ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက "အသင်းတစ်သင်းမှာ ရာထူးက ထွက်ခွာဖို့ နီးစပ်နေတဲ့ မန်နေဂျာ တစ်ယောက်ရှိတယ်။ ပြီးတော့ ကစားသမားတွေဟာ တစ်ရာသီလုံး (၆၉)ပွဲ ကစားခဲ့ပြီး ဆက်တိုက်လည်း တိုက်ပွဲဝင်နေသေးတယ် ဆိုတာက ကျေနပ်စရာ တစ်ခုပါ။ ပွဲပြီးတော့ ကျွန်တော် အသင်းရဲ့ နည်းစနစ် ဒါရိုက်တာ မိုက်ကယ် အီမန်နာလိုနဲ့ ဘုတ်အဖွဲ့ဝင် တချို့ကို တွေ့ဆုံခဲ့ပါတယ်။ လူတိုင်းက ကျေနပ် ပျော်ရွှင်နေပါတယ်။ တချို့ ပရိသတ်တွေ ကျွန်တော့်ကို လိုလားလာအောင် မလုပ်ဆောင်နိုင်ခဲ့ဘူးဆိုတ မသေချာရင်တောင် ကျွန်တော့်ကတော့ ဒီဆုအတွက် ကျေနပ်နေမှာပါ။ ချယ်လ်ဆီးနဲ့အတူ ကြိုးစားပမ်းစား လုပ်ဆောင်ရတဲ့ ရာသီတစ်ခုကို ကျွန်တော်တို့ ကျော်ဖြတ်နိုင်ခဲ့တယ်။ မဟုတ်လား။ လူတိုင်း ပျော်နေတာ မြင်ရတော့ ကျွန်တော်လည်း ပျော်ပါတယ်"ဟုလည်း ဆိုသည်။

ဘင်နီတက်ဇ်က "ဒီရာသီ အသင်းဟာ (၁၄၅)ဂိုးထိ သွင်းနိုင်ခဲ့တယ်။ ဒါဟာ ကလပ်အသင်း သမိုင်းမှာ စံချိန်တစ်ခုပါပဲ။ ပြီးတော့ ဂိုးလည်း များများ မပေးခဲ့ရပါဘူး။ ချယ်လ်ဆီးမှာ ကစားသမားတွေဟာ ပိုတိုးတက်၊ ပိုရင့်ကျက်လာပါပြီ။ ယူရိုပါလိဂ်မှာ ပွဲတိုင်းပွဲတိုင်း တိုက်စစ်မှူး တစ်ယောက်ပဲ သုံးခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ချန်ပီယံ ဖြစ်လာခဲ့တယ်။ အားလုံးကို ခြုံကြည့်ရင် ကျွန်တော်တို့ရဲ့ ဒီရာသီ ဖြတ်သန်းမှု သိပ်ခက်ခဲတယ် ဆိုတာကို မြင်နိုင်မှာပါ။ ဥပမာ ယူရိုပါလိဂ် ဗိုလ်လုပွဲဆိုရင် ကျွန်တော်တို့မှာ အသုံးပြုနိုင်တဲ့ ကစားသမား (၁၈)ယောက်ပဲ ရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် လက်ရှိ အနေအထား အားလုံးဟာ ထိုက်တန်တယ်လို့ ကျွန်တော်တို့ ခံယူမိပါတယ်"ဟုလည်း ဆက်လက် ပြောဆိုသွားခဲ့သည်

No comments :

Post a Comment

Blogger Widgets
Back to Top