Blogger Widgets

Thursday 30 May 2013

လားရှိုးမြို့၌ ဆူပူ အကြမ်းဖက်မှု များကြောင့် လူနေအိမ်၊ အဆောက်အအုံ၊ ဈေးဆိုင်ခန်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ် အချို့ မီးလောင်ပျက်စီး၊ လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိ

နေပြည်တော် မေ ၂၉
ရှမ်းပြည်နယ် လားရှိုးမြို့၌ ယမန်နေ့က ရာဇဝတ်မှု တစ်ခုမှ စတင်၍ လူစုလူဝေးဖြင့် မီးရှို့ ဖျက်ဆီးမှုဖြစ်စဉ်များ ဖြစ်ပွား ခဲ့ပြီး ယခုအခါ အလားတူ ဖြစ်စဉ်များ ထပ်မံ မဖြစ်ပွားစေရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဘာသာရေး၊ လူမှုရေး အဖွဲ့အစည်းများ၊ ပြည်သူများနှင့် လုံခြုံရေး တာဝန်ရှိသူများက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်လျက် ရှိကြောင်း၊ လားရှိုးမြို့၌ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် လားရှိုးမြို့ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ ၇၊ သိန်းနီလမ်းမကြီး ဘေးရှိ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံး အနီးတွင် လားရှိုးမြို့နေ မအေးအေးဝင်း ၂၄ နှစ် (ဈေးရောင်း) အား ကျိုင်းတုံမြို့နေ နေဝင်း ၄၈ နှစ် (ကျပန်း)က ဓာတ်ဆီလောင်း မီးရှို့ခဲ့သဖြင့် မအေးအေးဝင်း၏ ရင်ဘတ်၊ ကျောနှင့် ယာလက်တို့တွင် မီးလောင် ဒဏ်ရာများ ရရှိသွားခဲ့ ကြောင်းနှင့် လူနာအား လားရှိုးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသပေး လျက် ရှိကြောင်း သိရှိရသည်။
တရားခံ နေဝင်းသည် မူးယစ်ဆေး စွဲနေသူတစ်ဦး ဖြစ်ကြောင်း သိရှိရပြီး ၎င်းအား တာဝန်ရှိသူများက ထိန်းသိမ်း ခေါ်ဆောင်၍ ရှာဖွေခဲ့ရာ ၎င်း၏ အင်္ကျီအိတ်အတွင်းမှ WY ဆေးပြားနှစ်ပြားကို တွေ့ရှိရသဖြင့် လားရှိုး မြို့မရဲစခန်း ၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၇/ ၄၃၆/ ၃၂၆ ဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/ ၁၆ (ဂ) ဖြင့် လည်းကောင်း အမှုဖွင့်ပြီး လားရှိုးမြို့မ ရဲစခန်းမှူး ဒုတိယ ရဲမှူး မြင့်သိန်းက စစ်ဆေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် လူစုလူဝေးများက အမှတ် (၁) ရဲစခန်းရှေ့သို့ စုရုံး ရောက်ရှိ လာခဲ့သဖြင့် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင် ရဲတပ်ဖွဲ့မှူးနှင့် ခရိုင် အုပ်ချုပ်ရေးမှူးတို့က  ငြိမ်းချမ်း စွာ နေထိုင်ရန် ဖျောင်းဖျပြောဆိုပြီး လူစုခွဲခဲ့ကြောင်း သိရသည်။
ည ၇ နာရီ မိနစ် ၂ဝ ခန့်တွင် လားရှိုးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ကုန်မာဆိုင် ခုံတန်းများအား လူအချို့က ရိုက်ချိုး ဖျက်ဆီးပြီး အနီးရှိ ဘာသာရေး အဆောက်အအုံရှေ့တွင် မီးပုံရှို့ခဲ့ကြောင်း၊ ထို့နောက် အဆိုပါ ဘာသာရေး အဆောက် အအုံအားလည်း မီးရှို့ ဖျက်ဆီးခဲ့ကြကြောင်း၊ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူးနှင့် တာဝန် ရှိသူများသည် အဆိုပါမီးရှို့သည့် နေရာသို့ ရောက်ရှိပြီး လုံခြုံရေး ဆောင်ရွက်ခဲ့ကာ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ခဲ့ကြောင်း၊ ည ၈ နာရီ ၁ဝ မိနစ် ခန့်တွင် တပ်မတော် မှလည်း လုံခြုံရေးအတွက် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူစုလူဝေးများသည် အမှတ် (၃)ရပ်ကွက် လမ်းမတော်လမ်းနှင့် ကြာနီလမ်းထောင့်ရှိ မိဘမဲ့ကလေးများ ကျောင်း အောက်ရှိ ဈေးဆိုင်ခန်းများ၊ ဈေးလမ်းကြားရှိ ဈေးဆိုင်ခန်းများ၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တို့အား ဆက်လက် မီးရှို့ ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လူစုခွဲခဲ့ရကြောင်းနှင့် ည ၁၁ နာရီခွဲခန့်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရှိရသည်။
လားရှိုးမြို့၌ ယနေ့နံနက် ၁ဝ နာရီခွဲခန့်တွင် ရပ်ကွက် (၇)၊ ရပ်ကွက် (၁) နယ်မြေ ၈ တို့တွင် လူစုလူဝေးများ က တုတ်၊ ဓား လက်နက်များ ကိုင်ဆောင်၍ စုဝေးခဲ့ကြသဖြင့် လုံခြုံရေး အဖွဲ့က အချိန်မီ ဟန့်တားခဲ့ရသည်။
သို့သော်မွန်းလွဲပိုင်း ၁ နာရီမိနစ် ၄ဝ ခန့်တွင် ရပ်ကွက် (၂)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၇) နှင့် ရပ်ကွက် (၈) တို့တွင် အပြန် အလှန် တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ညနေ ၅ နာရီခန့်အထိ တိုက်ခိုက်မီးရှို့ ဖျက်ဆီးမှု ခုနစ်ကြိမ် ဖြစ် ပွားခဲ့ကြောင်း သိရှိရသည်။
မေ ၂၈ ရက်မှ ၂၉ ရက်အထိ အပြန်အလှန် တိုက်ခိုက်မှုများကြောင့် လူနေအိမ်ငါးလုံး၊ ဘာသာရေး အဆောက်အအုံ သုံးလုံး၊ ရုပ်ရှင်ရုံတစ်လုံး၊ ဂိုဒေါင်လေးလုံး၊ ဆိုင်ခန်း ၃၂ ခန်း၊ မော်တော်ယာဉ်နှစ်စီး၊ ဆိုင်ကယ် ၁၁ စီး မီးလောင် ပျက်စီး ခဲ့ကြောင်းနှင့် တစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။ လားရှိုးမြို့၌ ယမန်နေ့ည ၈ နာရီမှ စတင်၍ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး ဖြစ်သည်။
ယမန်နေ့က ပြစ်မှု ကျူးလွန်ခဲ့သော တရားခံဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပြီး ဘာသာရေး၊ လူမှုရေး ကိစ္စများနှင့် ပတ်သက်ခြင်း မရှိကြောင်း၊ ယင်းပြစ်မှုကို အကြောင်းပြုပြီး ဘာသာရေး ပဋိပက္ခ အသွင် ဖော်ဆောင်ခြင်း မပြုရန်အတွက် ဘာသာရေး အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ ပြည်သူများက ဝိုင်းဝန်း ကာကွယ် ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက မေတ္တာရပ်ခံ ထားကြောင်း သတင်း ရရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top