Blogger Widgets

Thursday, 30 May 2013

ကင်မရွန်းနိုင်ငံသို့ တင်ပို့သည့် မြန်မာ့ဆန် အရည်အသွေး မကောင်း၍ ဖျက်ဆီးခံရသည် ဆိုခြင်းမှာ မဟုတ်မှန်ဟုဆို

မြန်မာနိုင်ငံမှ ကင်မရွန်းနိုင်ငံသို့ တင်ပို့သည့် မြန်မာ့ဆန် ဧည့်မထ ၂၅ မှတ်ဆန်မှာ အရည်အသွေး မကောင်း၍ ဖျက်ဆီးခံရသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ ဦးရဲမင်းအောင်က ပြောကြားသည်။ထို့ပြင် ကင်မရွန်းတွင် ဆန်တန်ချိန် ၇၀၀၀ (အိတ်ရေ ၁၄၀၀၀၀) ကုန်ချစဉ် အိတ်ရေ ၁၀၀၀ ကျော်သာ ပျက်စီးခြင်းဖြစ်၍ ပျက်စီးသော အိတ်ရေ ၁၀၀၀ ကျော် (တန် ၅၀) ကိုသာ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ တန် ၇၀၀၀ လုံးအား ဖျက်ဆီးခြင်း မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။"ကင်မရွန်းနိုင်ငံကို တင်ပို့တဲ့ မြန်မာ့ဧည့်မထ ၂၅ မှန်ဆန် အရည်အသွေး မကောင်းလို့ ဖျက်ဆီးခံရတယ်ဆိုတဲ့ AP သတင်းဌာနက စတင်ခဲ့တဲ့ သတင်းက မဟုတ်ပါဘူး။ အာဖရိက ဆန်ဈေးကွက်မှာ မြန်မာ့ဆန်ဈေးကွက် ၀င်လာတာကို အရမ်းစိုးရိမ်နေတဲ့ ကုန်သည်အုပ်စု အဖွဲ့တွေ ရှိနေပါတယ်။

အဲဒီအုပ်စုတွေက မြန်မာ့ဆန် အရည်အသွေး ဂုဏ်သတင်း ကျဆင်းပြီး ဈေးကွက်ဝေစု လျော့နည်းအောင်၊ တစ်နည်းအားဖြင့် ဈေးကွက်ပျောက်သွားအောင် စနစ်တကျ ထိုးနှက်နေခြင်းသာ ဖြစ်ပါတယ်" ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
မြန်မာနိုင်ငံမှ ဆန်သယ်ဆောင်သွားသည့် သင်္ဘောသည် ကင်မရွန်းနိုင်ငံတွင် တန်ချိန် (၇၀၀၀) ကုန်ချခြင်း မပြုမီ အခြားနိုင်ငံများတွင် တန်ချိန် (၁၃၀၀၀) ကျော်ကို လှည့်လည်ကုန်ချပြီးမှ ကင်မရွန်းနိုင်ငံသို့ ရောင်း၍မကုန်သော သင်္ဘောဖြင့် နောက်ဆုံးမှ ရောက်ရှိကုန်ချခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ကုန်ဝယ်ယူသူသည် end buyer မဟုတ်ဘဲ ၎င်းနာက်တွင် ထပ်ဆင့်ဝယ်ယူသူ သုံးဦးကြားခံပြီး အဆင့်ဆင့် လက်လွှဲရောင်းချမှုများ ရှိခဲ့ပြီးမှ နောက်ဆုံးကင်မရွန်းမှ ကုန်ဝယ်သူ Socia Sarl ထံ ရောက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆင့်ဆင့် လက်လွှဲရောင်းချမှုကြောင့် Long Voyage ဖြစ်နေသည့် အချိန်တွင် သင်္ဘော၏ လေ၀င်လေထွက် Ventilation အားနည်းမှု၊ ခရီးစဉ်တစ်လျှောက် Hatch အပေါက်ဖွင့်ပြီး လေ၀င်လေထွက်ကောင်းအောင် ဆောင်ရွက်သော်လည်း သင်္ဘော၏ ချွတ်ယွင်းမှုကြောင့် စိုထိုင်းစ မြင့်မားလာပြီး ငွေ့ရည်ဖွဲ့ကာ အဆိုပါငွေ့ရည်မှ Precipitation ဖြစ်ပြီး ရေစိုကာ ဆန်အိတ်အချို့ ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

"ဘယ်နိုင်ငံက ဆန်မဆို ဒီလိုအခြေအနေ ဖြစ်လာရင် ပျက်စီးမှာပဲလေ။ ဒီလို ချဲ့ကားပြောဆိုနေမှုတွေက မြန်မာ့ဆန်စပါး ဈေးကွက်ကို ထိခိုက်လာနိုင်တယ် ဆိုတာ အထူးသတိထား သင့်ပါတယ်" ဟုလည်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာဆန်နှင့် ပတ်သက်ပြီး အရည်အသွေးပိုင်းတွင် ယခုထက်ပိုမို ဂရုစိုက်ရန် လိုအပ်နေကြောင်း၊ နိုင်ငံတကာတွင် ယခုကဲ့သို့ ဈေးကွက်ယှဉ်ပြိုင်မှုကြောင့် ပေါ်ပေါက်လာတတ်သည့် ထိုးနှက်ချက်များကို သတိပြုသင့်ကြောင်းလည်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

No comments :

Post a Comment

Blogger Widgets
Back to Top