Blogger Widgets

Sunday 26 May 2013

သီလဝါအထူး စီးပွားရေးဇုန်သည် မြန်မာ-ဂျပန် နှစ်ဦးနှစ်ဖက် အလားအလာ ကောင်းမွန်သော စီမံကိန်းတစ်ခုဖြစ်

နေပြည်တော်      မေ     ၂၅
ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့်ဇနီး မစ္စစ်အာကီ အာဘေးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ ရောက်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချ၍ အလေးပြုကြ သည်။
ယင်းနောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးနှင့် အဖွဲ့သည် မြောက်ဥက္ကလာပ မြို့နယ် ရေဝေးရှိ ဂျပန် သုသာန်သို့ ရောက်ရှိကြပြီး ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့က အဆိုပါ သုသာန်၌ မြှုပ်နှံ ထားသည့် ဂျပန်လူမျိုး များအား ဂုဏ်ပြုသည့် အနေဖြင့် လွမ်းသူ့ ပန်းခွေချသည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အတူ လိုက်ပါလာသော အဖွဲ့ဝင်များက အမွှေးတိုင်များ ထွန်းညှိပြီး ဂါရဝ ပြုကြသည်။
ယင်းနောက် ဂျပန် နိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် ဂျပန် သုသာန် အတွင်း ကြည့်ရှု ကြသည်။
ဆက်လက်၍ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးနှင့် အဖွဲ့သည် ရန်ကုန် တောင်ပိုင်းခရိုင် သန်လျင် မြို့နယ် လက်ယက်စမ်း ကျေးရွာရှိ လက်ယက်စမ်း အခြေခံပညာ မူလတန်း လွန်ကျောင်းသို့ရောက် ရှိကြရာ ကျောင်းအုပ် ဆရာမကြီး  ဒေါ်ခင်ဝင်းမော်နှင့်  ကျောင်းသား၊ ကျောင်းသူ လေးများက ဂျပန်-မြန်မာ နှစ်နိုင်ငံ အလံငယ်များကို ဝှေ့ယမ်းပြီး လှိုက်လှိုက် လှဲလှဲ ကြိုဆိုကြသည်။
ထို့နောက် ကျောင်းခန်းမ၌ ကျောင်း အုပ်ဆရာမကြီးက  ကျောင်းနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြရာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်က ကျောင်းကို  ယခုကဲ့သို့ တန်ဖိုးထား ထိန်းသိမ်း တည်ဆောက် အသုံးပြု နေသည့်အတွက် အားရ ကျေနပ်ပါကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး တွင် ပညာရေးသည် အခြေခံ အုတ်မြစ် ဖြစ်ရာ ဂျပန်နိုင်ငံ အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားတိုးတက်ရေး အတွက် ဝိုင်းဝန်းကူညီပံ့ပိုး သွားမည် ဖြစ်ပါကြောင်း  ပြောကြားပြီး ကျောင်းအတွက် စာရေး ကိရိယာများကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက်  ဝန်ကြီးချုပ်  မစ္စတာ ရှင်ဇိုအာဘေးနှင့် အဖွဲ့ဝင်များ၊ ကျောင်း အုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများသည် စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂျပန်နိုင်ငံ ဝန်ကြီး ချုပ်နှင့် အဖွဲ့က ကျောင်းဆောင် အတွင်း ကြည့်ရှု လေ့လာကြသည်။
ထို့နောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ လေးများအား ရင်းရင်းနှီးနှီး နှုတ် ဆက်ပြီး ကျောင်းသား၊ ကျောင်းသူများ နှင့်အတူ မြန်မာ့ရိုးရာ လွန်ဆွဲပြိုင်ပွဲကို ပါဝင်ဆင်နွှဲကြသည်။
အဆိုပါ ကျောင်းရှိ သံကူကွန်ကရစ် စာသင်ဆောင် တစ်လုံးကို ဂျပန်အထက် လွှတ်တော် အမတ်များနှင့် မိသားစုများက ဆောက်လုပ် လှူဒါန်းခဲ့ပြီး ၂ဝဝ၄ ခုနှစ် ဇူလိုင် ၂ဝ ရက်တွင် လွှဲပြောင်းပေး အပ်ခဲ့ကြောင်း၊ ထို့ပြင် အခြား သံကူကွန်ကရစ် စာသင်ဆောင် တစ်လုံးကိုလည်း ၂ဝ၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ ပညာရေး ဝန်ကြီးဌာန အမှတ်(၃) အခြေခံပညာ ဦးစီးဌာန အကူအညီဖြင့် ထပ်မံ ဆောက် လုပ် လှူဒါန်းခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် မေလအတွင်း ကျောင်းဆောင် သစ်တစ်လုံးကို ထပ်မံ လှူဒါန်းသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်က ပြောကြား သွားခဲ့သည်။
ယင်းနောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် နံနက် ၁၁ နာရီတွင် သီလဝါ အထူး စီးပွားရေး ဇုန်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး  ဦးဆက်အောင်က သီလဝါ အထူး စီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာတွင် '' သီလဝါ အထူးစီး ပွားရေးဇုန်သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံး အထူးစီးပွားရေး ဇုန်ဖြစ်သကဲ့သို့ မြန်မာ-ဂျပန်အစိုးရချင်း၊ ပုဂ္ဂလိက ချင်းနှစ်ဦးနှစ်ဖက် တို့အတွက် အလားအလာ ကောင်းမွန်သော စီမံကိန်း တစ်ခုဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံ အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် နည်းပညာများ၊ ရင်းနှီးမြှုပ်နှံမှုများကို ရရှိမည် ဖြစ်ပါကြောင်း၊ လူမှု ဘဝနှင့် ပတ်ဝန်းကျင်ထိ ခိုက်နစ်နာမှု ရှိ၊ မရှိ လေ့လာမှု (EIA) ဆောင်ရွက်မှုကိုလည်း သြဂုတ်လတွင် ပြီးစီးရန် ခန့်မှန်း ထားပါကြောင်း၊ စီမံကိန်းအတွင်း ပြောင်းရွှေ့ရေးများကို နိုင်ငံတကာ အဆင့်နှင့်အညီ ဆောင်ရွက်နိုင် ရေးအတွက် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ (JICA) အကူအညီဖြင့် ရေးဆွဲနေ ပါကြောင်း၊ အစိုးရ နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ခြင်းကလည်း စီမံကိန်းအောင်မြင် စေသည့်အချက် တစ်ချက်ဖြစ်ပါကြောင်း၊ ဒေသခံများ၊ ပြည်သူများ၊ ရင်းနှီးမြှုပ်နှံ သူများအတွက် သုံးဦးသုံးဖလှယ် အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း'' ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ  ဦးဝင်းအောင်နှင့်  ဂျပန်နိုင်ငံ မစ်ဆူဘစ်ရှီ ကုမ္ပဏီဥက္ကဋ္ဌ Mr. Ken  KOBAYASHI တို့သည် သီလဝါစီမံ ကိန်းအတွက် ပူးပေါင်း ဆောင်ရွက်ရေး နှစ်ဖက်နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးကြသည်။
သီလဝါ စီမံကိန်းကို မြန်မာနိုင်ငံမှ ကုမ္ပဏီကိုးခုနှင့် ဂျပန်နိုင်ငံမှ ကုမ္ပဏီ သုံးခုဖြစ်သည့် Mitsubishi  Corporation, MARUBENI  Corporation နှင့် Sumitomo Corporation တို့ ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ)အတွင်း ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ် ထားရှိမှုနှင့် ကုန်တင်ကုန်ချ လုပ်ငန်း များ ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှု ခဲ့ကြသည်။
မွန်းလွဲ ၁ နာရီတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် ဇနီးတို့အား ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၌ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် ဇနီး ဒေါ်ခင်သက်ဌေးတို့က ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။

No comments :

Post a Comment

Blogger Widgets
Back to Top