ကျနော်တို့ဟာ နှစ်ဝက်နီးပါး ဒီလူနဲ့ ဒီလူပဲမြင်နေရပြီး လူများများစားစားလည်းမတွေ့ရတော့ အူကြောင်ကြောင်တွေဖြစ်ကြတယ်။ တောထဲကနေ မိုးရေးမြို့ပေါ်ရောက်တော့ လူတွေအများကြီးကိုတွေ့ရပြီး ဟိုငေးလိုက် ဒီငေးလိုက်နဲ့ တောသားမြို့ရောက်သလို ဖြစ်နေတယ်။ ခလေးအသံကြားလည်းထူးဆန်းသလိုလို၊တမူးကကုန်သည် ဈေးသည်တွေ အမျိုးသမီးကြီးတွေ သွားလာရင်း စကားပြောနေတာကိုလည်းမဆီမဆိုင် လိုက်နားထောင်နေမိတယ်။ ဟိုလူ့လှမ်းကြည့် ဒီလူ့လှမ်းကြည့်နဲ့ အိနြေ္ဒမရဖြစ်နေတယ်။ပုဆိုးတွေ ထမီတွေနဲ့ လွတ်လွတ်လပ်လပ်သွားလာနေတဲ့ တမူးဘက်က ဗမာတွေကို ဗမာစကားတွေ ဟောင်ဖွာဟောင်ဖွာပြောနေတော့ကိုယ်လည်း သွားပြီးနှုတ်ဆက်ချင်သလိုလို၊ ရောနှောပြောချင်သလိုလို စိတ်ထဲယားကျိကျိကြီးဖြစ်နေတယ်။နှစ်အတော်ကြာ လူသူကင်းတဲ့ ကျွန်းပေါ် သောင်တင်နေတဲ့ ရော်ဘင်ဆန်ခရူးဆိုးရဲ့ ဘ၀ကိုဘာမဆိုင်ညာမဆိုင် သွားပြီးစာနာနေမိသေးတယ်။ ကျောင်းလုံခြည်စိမ်းလေးဝတ်ထားပြီးရေခဲချောင်းပုံးကိုယ်စီလွယ်ရင်း မင်းဘယ်လောက်ရောင်းရတယ်၊ ငါဘယ်လောက်ရောင်းကောင်းတယ်နဲ့ငြင်းခုံစကားပြောနေတဲ့ ၁၀နှစ်အရွယ် ခလေးတွေကို မြင်တော့ သူတို့နဲ့ စကားအရမ်းပြောချင်တယ်။သူတို့ကိုကြည့်ပြီး အားရပါးရပြုံးပြမိတယ်။ ရင်ထဲမှာ အရမ်းသနားနေတယ်။ သူတို့ကို စာသင်းခန်းနဲ့ကစားကွင်းတွေကလွဲလို့ ရေခဲပုံးတွေ၊ တောင်းပလုံးတွေ၊လင်ဗန်းတွေနဲ့ မပတ်သက်စေချင်ဖူး။ကျနော်တို့တောထဲကနေ မိုးရေးမြို့ကိုရောက်တော့ ဒါန်အိုး ဒါန်ခွက်နဲ့ အိန္ဒိယစောင်တွေပုဆိုးတွေ ရောင်းတဲ့ ကိုကူးမားဆိုင်ခန်းတဖက်က အခန်းကျဉ်းလေးထဲ ခဏခိုနေခဲ့ဖူးတယ်။ အခန်းနံရံအပေါက်ကလေးကနေလမ်းမပေါ်မှာ ဖြတ်သွားဖြတ်လာနဲ့ ကိုယ့်နိုင်ငံသားဈေးသည်တွေကို ချေင်းကြည့်နေမိတယ်။သူတို့အချင်းချင်း ပြောသွားတဲ့ ဗမာစကားသံတွေကို စိတ်ပါလက်ပါ ခိုးနားထောင်နေမိတယ်။ အဲဒီအချိန်ကကျနော်တို့ဟာ တဘက်နိုင်ငံမှာ တရားမ၀င်တဲ့၊ အိမ်ရှင်နိုင်ငံက လက်မခံလို့ မောင်းနှင်ထုတ်ခံထားရတဲ့လူတွေဖြစ်နေတယ်။ ခိုးကြောင်ခိုးဝှက်နေရသလို၊ ဘယ်သူမှနဲ့ နှုတ်မဆက်ရဲဖူး၊ ဗမာလိုလည်းမပြောရဲဖူး။ကျနော်တို့ဟာ ကိုယ့်ဗမာလူမျိုးတွေအချင်းချင်းကို နံရံအပေါက်သေးသေးလေးက ချောင်းကြည့်ပြီးချစ်နေကြတယ်။ ကိုယ့်ဗမာအချင်းချင်း ရဲရဲအတွေ့မခံရဲဖူး။ မမြင်ကွယ်ရာက ခိုးကြည့်ပြီးငါတို့ပြည်သူတွေပါလားဆိုတဲ့ မျိုးချစ်စိတ်နဲ့ အချစ်ကြီး ချစ်နေမိတယ်။ သူများနိုင်ငံမှာလအတန်ကြာနေလိုက်ရတော့ ကိုယ့်လူမျိုးအပေါ် သိတ်ပြီးမေတ္တာထားနေမိတာမျိုး။ အဲဒီခံစားမှုမျိုးအဲဒီတုံးက ပထမဆုံးရလိုက်တာပဲ။ အဲဒီတုံးက ကျနော်တို့ အဖြစ်ဟာ အင်မတန်မှသဘာဝမကျတဲ့ ဟာသကြီးလိုပါပဲ။မလွတ်မလပ်နေထိုင်နေတဲ့ လူတွေက မဆိုစလောက်လေးလွတ်လပ်နေကြတဲ့ ကိုယ့်ပြည်သူတွေကို ကယ်တင်ပြီးလွတ်လပ်ရေးအတွက်လှုပ်ရှားနေကြတဲ့ဘ၀ပါ။ခါးမသန်ပေမဲ့ မာန်ကြီးတဲ့ခါချဉ်ကောင်တွေပါ။
ကျနော်တို့အားလုံး တောထဲကနေ အရင်ဆုံး မိုးရေး ရဲစခန်းဝင်ကြတယ်။ မိုးရေးက ဆရာမန်းတို့ကိုကူးမားတို့က ရဲစခန်းကို ဘာပြောထားလဲတော့မသိဖူး။ အမှန်တော့ အဲဒီတုံးက ကျနော်တို့ဟာဗမာပြည်က အခုမှထွက်လာတဲ့ ပြည်ပြေးကျောင်းသားတွေပုံစံနဲ့ တကြော့ပြန်ပြီး ရဲစခန်းကိုဝင်တာဖြစ်တယ်။ ပုံမှားရိုက်ဝင်တာဖြစ်တယ်။ အဲဒီအချိန်က မဏိပူရ အာဏာပိုင်တွေကလည်း မြန်မာဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အကြပ်ရိုက်နေတယ်။ တကယ်တန်းဆို အိန္ဒိယအာဏာပိုင်တွေက မြန်မာပြည်က ဒုက္ခသည်တွေကိုတရားဝင် ဒုက္ခသည်စခန်းဖွင့်ပြီးလက်ခံနေပါပြီလို့ ကမ္ဘာသိကြေငြာထားတာဖြစ်တယ်။ ၆လလောက်မှာစခန်းကလူတွေ မကြေမနပ်ဆန္ဒပြလို့ နောက်ဆုံး စခန်းကနေမောင်းနှင်ထုတ်လိုက်ရတဲ့အထိဖြစ်ကုန်တော့မဏိပူရအာဏာပိုင်တွေဟာ အကြံအိုက်ခဲ့ရတယ်။ ဒုက္ခသည်တွေကို လက်ခံရတာလည်း ဘာမှကြိုတင်ပြင်ဆင်လုပ်ဆောင်တာမျိုးမရှိဖူး။တခြားအိမ်နီးချင်းနိုင်ငံတွေက(ဥပမာ ဘင်္ဂလား၊ဒေခ်ျ့၊နီပေါ၊ သီရိလင်္ကာက ဒုက္ခသည်ဆိုတာက သဘာဝဘေးဒါဏ်တွေစစ်ပွဲနဲ့ လူမျိုးရေး၊ ဘာသာရေး နိုင်ငံရေးပဋိပက္ခတွေရဲ့ အကျိုးဆက်ကြောင့် ခလေးသူငယ်နဲ့အမျိုးသမီးတွေ၊ မိသားစုတွေ အလုံးအရင်းနဲ့ ခိုလှုံကြတာမျိုး။ စားနပ်ရိက္ခာနဲ့ အ၀တ်အထည်ခိုစရာ နဲ့ အန္တရာယ်ကင်းရင် လုံလောက်တယ်။ အခုကျနော်တို့လို ဒုက္ခသည်က သာမန်စစ်ပြေးဒုက္ခသည်တွေလိုမဟုတ်ဖူး။တိုင်းပြည်လွတ်လပ်ရေးအတွက်ထွက်လာသူတွေ။ လာတဲ့ လူတွေကလည်း ကျောင်းသားလူငယ်တွေကများများ။ငတ်လို့လာတာ၊ သေမှာကြောက်လို့လာတာ မဟုတ်ကြ။ ဓားဓားချင်း၊သေနပ်သေနပ်ချင်း ယှဉ်ပြိုင်တိုက်ဖို့အကူအညီလာတောင်းတာဖြစ်တယ်။ နယ်ချဲ့ အင်္ဂလိပ်ကိုတိုက်ဖို့ ဂျပန်ကိုသွားပြီး စစ်ပညာသင်ဖို့ထွက်သွားကြတဲ့ရဲဘော်သုံးကျိတ် လို ဒုတိယကမ္ဘာစစ်က သမိုင်းကို ပြန်ပြီးအိပ်မက်မက်ကြတာဖြစ်တယ်။ တောင့်တကြတာဖြစ်တယ်။ဒါပေမဲ့ နိုင်ငံရေးအသိမရှိ၊ ပြည်ပနိုင်ငံရေး ဗဟုသုတလည်းမရှိတဲ့ ကျနော်တို့ဟာ စစ်အေးခေတ်ထဲကနိုင်ငံရေး ရေစီးကြောင်း အပြောင်းအလဲတွေကို သတိမမူမိခဲ့ဖူး။ ဟိုတုံးကခြေရာအတိုင်းတထပ်တည်းဖြစ်လာမယ်လို့ မျော်လင့်ခဲ့ကြတယ်။ အိမ်နီးချင်းလည်းဖြစ်၊ ဒီမိုကရေစီနိုင်ငံကြီးလည်းဖြစ်၊လွတ်လပ်ရေးရပြီးစ ရောင်စုံသူပုံထကြွစဉ်မှာဝန်ကြီးချုပ် ဦးနအစိုးရကိုလက်နက်တွေထောက်ပံ့ခဲ့တာစိတ်ကူးယဉ်ပြီး အိန္ဒိယကို အထင်ကြီးခဲ့ကြတယ်။ သမိုင်းဖြစ်ရပ်ဟာ ခတ်ဆင်ဆင်တူပေမဲ့ တထပ်တည်းမကျဖူးဆိုတာကျနော်တို့ မတွက်ချက်နိုင်ခဲ့ဖူး။
မိုးရေးရဲအရာရှိတွေကို ကျနော်တို့ဗမာပြည်ကအသစ်ရောက်လာတဲ့ ကျောင်းသားတွေအသွင် ပုံမှားရိုက်နိုင်ခဲ့ပါတယ်။ အရွယ်တူ၊ ပုံစံတူ အသွေးအရောင်တူတွေမို့သူတို့လည်း ဘယ်မှတ်မိနိုင်မလဲ။ ပြီးတော့ ကျနော်တို့လူဟောင်းတွေချည်းမဟုတ်ဖူး။ အစောကတည်းကရောက်နေတဲ့လူသစ်တယောက်စ နှစ်ယောက်စလည်း ညှပ်ပါလာသေးတယ်။ ဒီလိုနဲ့ ဗမာပြည်ထဲလည်း မ၀င်ချင်၊တခြားနေရာလည်းသွားဖို့မရှိတဲ့ ကျနော်တို့ အုပ်စု အယောက်၂၀ လောက် မူလဒုက္ခသည်စခန်းထဲကိုပဲပြန်အောင်းဖို့ လမ်းကြောင်းပဲ ရွေးလိုက်ရတယ်။ ဒီလိုရွေးဖြစ်အောင်လည်း ဆရာမန်း(ဒေါက်တာမန်းမြင့်ဆိုင်)ကအားပေးတယ်။ သူခေါင်းဆောင်မယ်။ စခန်းကို စိတ်သစ်လူသစ်ပြန်တည်ဆောက်မယ်။ သူ့ခေါင်းဆောင်မှုအောက်မနေလိုသူတွေ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ အိန္ဒိယက ရုပ်ဝတ္တုပိုင်း အထောက်အပံ့ရအောင်ကျိုးစားမယ်။မြန်မာပြည်လွတ်မြောက်ရေးအတွက် ကျနော်တို့ ပြည်ပကနေ ဆက်လုပ်ဖို့လိုအပ်တယ်။ ဒီလိုနဲ့မဏိပူရစခန်းမှာမနေလိုတဲ့ ကိုမြင့်ဆန်း၊ ကိုကျော်သန်းနဲ့ ကိုမြင့်အေး တို့အဖွဲ့တွေကတော့မီဇိုရမ်နယ်စပ်ဘက်ခရီးဆက်သွားပါတယ်။ မီဇိုရမ်နယ်ဘက်မှာလည်း မြန်မာကျောင်းသားစခန်းရှိပြီးစားဝတ်နေရေးပြဿနာတော့မရှိဖူး၊ အဲဒီဘက်မှာ ပိုပြီးလွတ်လပ်သလို ပြင်ပအဖွဲ့အစည်းနဲ့ အိန္ဒိယအာဏာပိုင်တွေကိုဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း ပိုရနိုင်တယ်လို့ တွက်ချက်ခဲ့သူတွေလည်းဖြစ်တယ်။
တကယ်လည်း မီဇိုရမ်နယ် ကျန်ဖိုင်းမြို့မှာအိန္ဒိယအာဏာပိုင်တွေက ဒုက္ခသည်စခန်းတခုဖွင့်ထားပြီး မဏိပူရထက် အတော်လေးလွတ်လပ်တယ်။ ကျန်ဖိုင်းစခန်းကဆောက်လက်စ အကျဉ်းထောင် အသစ်ကြီးကို (အကျဉ်းသားမရှိ) ဒုက္ခသည်စခန်းအဖြစ် နေထိုင်ခွင့်ပေးထားတာပါ။ရန်ကုန်၊မုံရွာ ကလေးမြို့နယ်က ကျောင်းသားလူငယ် တွေအပြင် ချင်းပြည်နယ်က ချင်းတိုင်းရင်းသားတွေအများအပြားလည်းပူးပေါင်းနေထိုင်တယ်။စခန်းကအကျဉ်းထောင်ဖြစ်ပြီး နံရံမြင့်ကြီးတွေနဲ့ လုံခြုံပေမဲ့ မဏိပူရလို ၂၄နာရီ သေနပ်ကိုင်အစောင့်နဲ့အကျဉ်းသားတွေလိုနေရတာမဟုတ်ဖူး။ လွတ်လပ်တယ်။အပြင်ထွက်လို့ရတယ်။ အပြင်ထွက် အလုပ်လုပ်နေသူတွေလည်းရှိတယ်။ ချင်းအမျိုးသားတပ်ဦး(CNF) ဆိုတာ အဲဒီကျန်ဖိုင်းစခန်းကနေ သနေတည်သွားတာပဲ။ အပြင်ထွက် အလုပ်လုပ်ကြ၊ ရုံပုံငွေရှာဖွေစုဆောင်းကြနဲ့နောက်ပိုင်း ကချင်ပြည်နယ် ကေအိုင်အေ ဆီက စစ်သင်တန်းတွေတက်ပြီး ချင်းလက်နက်ကိုင်တပ်ထောင်ခဲ့တာပဲ။သူတို့ထဲက တပ်မှုးတယောက် ပြန်ပြောပြတာကတော့ သူတို့လည်း စားဝတ်နေရေး ဒုက္ခတွေနဲ့ ကြုံခဲ့ပြီးဆင်းဆင်းရဲရဲနဲ့ KIA ကချင်တပ်ကနေ လေ့ကျင့်သင်ကြားခဲ့ရတယ်လို့ပြောတယ်။ အဲဒီချင်းတပ်ဗိုလ်ကြီးဆလိုင်းမန်လျှာန်း ပြောတာက “ ကျနော်တို့ ဘင်္ဂလားနယ်စပ်မှာ စခန်းတခုစထောင်တယ်။ ၁၉၈၉မှာCNA ချင်းအမျိုးသားတပ်မတော်ထောင်တယ်။ သေနပ်မလုံလောက်ဖူး၊ ၀ါးချွန်ကိုင်ပြီးတညလုံးကင်းစောင့်ရတယ်။၁၉၉၃ ကျမှ ချင်းပြည်နယ်ထဲပြန်ခြေချနိုင်တာ၊ ပြည်သူတွေဆီကထောက်ပံ့ငွေနဲ့စားသောက်ရတယ်။ကုန်သည်တွေဆီက ၅ရာခိုင်နှုံး အခွန်ကောက်ပြီး တော်လှန်ရေးလုပ်ခဲ့ရတယ်။ ခေတ်မှီလက်နက်ဆိုတာလည်းမရှိပါဖူး၊ ရန်သူ့လက်နက် ကိုယ့်လက်နက်မူနဲ့ နယ်စပ်က ရဲစခန်းတွေ၊ တပ်စခန်းတွေကို ပြောက်ကျားတိုက်ပြီးလက်နက်စုရတာပါ” လို့ ပြောခဲ့ဖူးတယ်။ တကယ်တမ်းဆို ကျနော်တို့ တတွေဟာ တိုင်းရင်းသားတွေလောက်တော်လှန်ရေးလုပ်တာ လက်တွေ့မကျဖူးလို့ သုံးသပ်ရင် မမှားပါဖူး။
ကျန်ဖိုင်းဒုက္ခသည်စခန်း လည်းနောက်ပိုင်းမှာ ဖရိုဖရဲတွေဖြစ်ကုန်တာပဲ။ တချို့လည်း စခန်းထဲဝင်လိုက်၊ ပြည်တွင်းပြန်ဝင်လိုက်၊ပြန်ထွက်လာလိုက်၊ တချို့လည်း အပြင်ထွက် အလုပ်ကလေးဘာလေးရှာလုပ်ရင်း ရပ်တည်ကြတယ်။ မီဇိုရမ်ပြည်နယ်မှာကမြန်မာနိုင်ငံသား ချင်းလူမျိုးတွေ၊ လူရှိုင်းလူမျိုးတွေအများကြီးရှိတယ်။ ၁၉၉၀ နောက်ပိုင်းမှာပိုပြီးများလာတယ်။ ၀ပ်ရှော့လုပ်ငန်း၊ဈေးရောင်း၊ ကုန်သည်၊ ဓာတ်ပုံဆိုင်၊ တီးဝိုင်းနဲ့တေးသံသွင်း၊စတူဒီယိုလုပ်ငန်း၊အပြင် ၀န်ထမ်းတွေ၊ အားကစားသမားတွေ၊ စီးပွားရေးသမားတွေအများကြီး နေကြတယ်။
ဝမ်းနည်းစရာတခုက ၁၉၈၉လောက်မှာ ကျန်ဖိုင်းစခန်းမှာ မြန်မာကျောင်းသားကိုမြသောင်း(ကလေး)နဲ့ ကိုကြည်အောင်တို့ လုပ်ကြံခံခဲ့ရတယ်။ စခန်းလုံခြုံရေး တာဝန်ယူတဲ့ချင်းအဖွဲ့တွေကလုပ်ကြံတာလို့ကြားတယ်။ ကိုယ့်ဗမာအချင်းချင်းကလည်း ထောက်လှမ်းရေးကြောက်တဲ့ရောဂါတွေကရှိနေတော့မသကာင်္လို့ အတို့အထောင်လုပ်တာကြောင့် နောက်ဆုံး လုပ်ကြံခံရတာပဲ။ မညီညွတ်မှုနဲ့ မယုံကြည်မှုတွေဟာတော်လှန်ရေးကို နှောင့်နှေးစေတဲ့၊ ပျက်ဆီးစေတဲ့၊ စိတ်ဓာတ်ယိုယွင်းစေတဲ့ ဂုဏ်ဒြပ်တွေနဲ့ပြည့်စုံစေတယ်။
ကျနော်တို့တတွေလည်း စိတ်ဓာတ်ကပြင်းထန်ကြပေမဲ့ကိုမျော်မှန်းထားတဲ့ ရေခံမြေခံမျိုး မဟုတ်လေတော့ သစ်ရွက်တွေလို ဟိုလွင့်ဒီလွင့်နဲ့ပေါ့။နောက်ဆုံးတော့ လေထန်ကုန်းဒုက္ခသည်ဘူတာကိုပဲ ပြန်ရောက်လာပါတယ်။ ကျနော်တို့ရောက်တော့ စခန်းမှာမျက်နှာစိမ်းတချို့ကိုတွေ့ရတယ်။ ကိုသံဒုတ်(မဲဆောက်-အလုပ်သမားသွေးစည်းညီညွတ်ရေး)နဲ့ကိုသံခဲ(ABSDF)တို့ညီအကိုရယ် သံလျှင်လူ့ဘောင်သစ်အဖွဲ့က ကိုမျိုးကြီးတို့ အဖွဲ့တွေကိုတွေ့ရတယ်။ စခန်းကလူတွေပြန်ပြောလို့ကျနော်တို့ကိုနယ်စပ်ပို့နေစဉ် သူတို့အခြေအနေတချို့ပြန်သိရတယ်။ စခန်းမှာ ကျန်ရစ်သူတွေက ပြန်ပို့ခံရသူတွေနဲ့လည်းအဆက်ပြတ်နေပြီးနောက်ပိုင်းမှ အခြေအနေမကောင်းမှန်းသိရတယ်။ သူတို့လည်း သပိတ်မှောက်တဲ့အနေနဲ့ဘားတိုက်ထဲပြန်မ၀င်ဖူး။ မီးဖိုချောင်က သွပ်ပြားတွေကာပြီး မိုးထဲလေထဲအပြင်မှာပဲ နေကြတယ်။လေပြင်းတွေတိုက်တဲ့တနေ့ သွပ်ပြားတွေလွင့်စင်ပြီး ကိုကျော်ကြီး(ကျောက်မဲ) နောက်စေ့ကိုသွပ်ပြားမှန်ပြီးဒါဏ်ရာအကြီးအကျယ်ရခဲ့တယ်။ နောက်တော့ လူသစ်တွေလည်းဝင်လာတော့ သပိတ်လှန်ပြီး ဘားတိုက်ထဲပြန်နေတယ်။
ဒုက္ခသည်စခန်းမှာ လူ ၄၀-၅၀လောက်ပဲရှိတော့တယ်။အစားအသောက်ပြဿနာတွေမရှိပေမဲ့ ၀ိဥာဉ်ပျောက်နေသလိုပဲ၊ ခြောက်ကပ်ကပ်နဲ့။ ဆရာမန်းကတော့မိုးရေးကနေ စာပုံမှန်ရေးပို့ပြီး အားပေးနေတယ်။ ကျနော်တို့ရောက်ပြီး သိတ်မကြာခင် ကိုမျိုးကြီးတို့သံလျှင်အဖွဲ့တွေပြည်တော်ပြန်ဝင်သွားတယ်။ သူတို့မျော်လင့်တဲ့ လိုချင်တဲ့အရာလည်း ဒီနေရာမှာမရှိဘူးလေ။
ထူးခြားတာတခုက ကျနော်တို့ရောက်ပြီးတလလောက်အကြာ မူလဘားတိုက်ရဲ့ အနောက်ဖက် တောင်ကုန်းမှာ စခန်းအသစ်တခုပြန်ဆောက်တယ်။ နေ့စဉ်မြေညှိ၊ သစ်မြစ်ခုတ် ပြီး မဏိပူရစစ်သားတွေနဲ့အတူ စခန်းနေရာသစ်ကို ပြန်ဆောက်တယ်။ မကြာခင်မှာကျနော်တို့အဲဒီသွပ်မိုး ထရံကာ ဘားတိုက်ကြီးကိုရွှေ့လိုက်ကြတယ်။ အဲဒီဘားတိုက်မရွှေ့ခင်မိုးရေးကလူကြုံနဲ့ ဆရာထူးဆီက စာတစောင်ကျနော့ဆီရောက်လာတယ်။ ဆရာထူးက ကျနော်တို့ တောထဲမှာနေစဉ်တုံးကမိုးရေးကနေ ညီညီလွင်(မန္တလေး)နဲ့အတူ တောထဲလာပြီးအတူနေကြသေးတယ်။ ဆရာ့ကျန်းမာရေးက သိတ်မကောင်းဖူးအဆစ်အမြစ်တွေကိုက်ခဲတတ်တယ်။ ဆရာဦးရွှေထူးရေးလိုက်တဲ့ စာထဲမှာ “ မောင်ညို..ငါတော့ဒီမှာခြေကုန်ပြီလို့ယူဆတယ်။ မကြာခင်အထဲပြန်ဝင်မယ်။ မင်းကိုယ့်ဖာသာ ဆုံးဖြတ်ပြီး ငါနဲ့ပြန်လိုက်ချင်ရင်မိုးရေးကိုလိုက်လာခဲ့။ငါစောင့်မယ်။ အကြောင်းပြန်ပါ” လို့ရေးထားတယ်။ တပည့်ရင်းတယောက်ဖြစ်သလိုအတူလာခဲ့သူမို့ ဆရာက ကျနော့ကို ချန်မထားချင်ဖူး။ ဒါပေမဲ့ ကျနော်ကလည်း ပြည်တော်မပြန်ချင်ဖူး။တခုခုတော့ ဖြစ်အောင်လုပ်ချင်နေတယ်။ ဒါပေမဲ့ ဆန္ဒပဲရှိတာ၊ လက်တွေ့ကျကျ မျော်လင့်နိုင်တာကမရှိဖူး။ဆရာထူးကို ကျနော် ပြန်မလိုက်ချင်ဘူးလို့ စာရေးအကြောင်းကြားလိုက်တယ်။ ဆရာထူး ကျနော့ကိုရေးပို့တဲ့စာလေးမှာကဗျာတိုလေးတခုပါ ရေးထဲ့ပေးသေးတယ်။ ခေါင်းစဉ်တော့တပ်မထားဖူး။ ကဗျာလေးကတော့…။
“ ရဲခေါင်မြောက်ဟု၊ ဟိန်းဟောက်သံပ
ကြွေးကြော်ပြပြီး၊
ဓားသွားလှံဖျား၊ ဝေးရံရှား၍၊
တောကြားမြိုင်ဂျောက်၊ ပြေးကွယ်ပျောက်သည်၊
ဘယ်လောက်ဈေးလဲ၊ တော်လှန်ရေး”
ဆရာထူးရဲ့ ကဗျာဟာ ကျနော်တို့အားလုံးရဲ့ နားရွက်တံတွေးဆွတ်လှောင်ပြောင်လိုက်သလိုပဲ။ရင်းနှီးသူတချို့ကို ဆရာ့ကဗျာပေးဖတ်တယ်။ ကြိုက်သူတွေရှိသလို၊ အောက်သက်သက်ခံစားရသူတွေလည်းရှိတယ်။ကဗျာကတော်လှန်ရေးဟာ ဘေးရန်ကင်းတဲ့ တောထဲမှာ မရှိဖူး၊ အန္တရာယ်နဲ့နီးတဲ့ မြို့ပေါ်မှာလည်း တော်လှန်ရဲသူအတွက်တိုက်ပွဲရှိတယ် ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်နေတယ်။ မြေအောက်တော်လှန်ရေးကို လုပ်ဖို့ ပြည်တော်ဝင်ရမယ်ဆိုတဲ့အယူအဆရှိတဲ့ ဆရာထူးဟာ သူယုံကြည်တဲ့အတိုင်း မန္တလေး မစိုးရိမ်တိုက်ထဲ ခိုပြီး ကျောင်းသားတွေကိုကချင်မြောက်ပိုင်းဘက် ဆက်သွယ်ပို့ပေးတယ်။ မြောက်ပိုင်းမှာ လုပ်ကြံခံလို့ကျဆုံးသွားတဲ့မန္တလေးက ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားလူငယ်တွေဟာ ဆရာထူးနဲ့ ဆက်စပ်ပြီးအလုပ်အတူလုပ်ခဲ့သူတွေဖြစ်တယ်။ဆရာထူးရဲ့ မြေအောက်လှုပ်ရှားမှုဟာ ထိရောက်တယ်လို့ဆိုရမယ်။ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ရေဒီယိုမိန့်ခွန်းတွေမှာ ဆရာထူးနဲ့အဖွဲ့တွေ မန္တလေး သံဃာ့တော်တွေ စစ်အစိုးရကို သပိတ်မှောက်ကံဆောင်လှုပ်ရှားမှုတွေနဲ့ အမျိုးသားညီလာခံဆန့်ကျင်ရေးကိစ္စတွေလုပ်နေတဲ့အကြောင်းပါလာတယ်။ နောက်ပိုင်းမှာတော့ ကျနော့ဆရာ ဦးရွှေထူးလည်း အဖမ်းခံလိုက်ရတယ်လို့ သတင်းပြန်ကြားတယ်။ကျနော့်ဆရာ အတွက် သိတ်ကိုစိတ်ပူခဲ့ရတယ်

No comments :
Post a Comment