Thursday, 2 May 2013
ရခိုင်အရေးအခင်းပြစ်မှုကျူးလွန်သူတွေ အရေးယူရေးကိစ္စ ကုလကိုယ်စားလှယ်စိုးရိမ်
ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာပါ တိုက်တွန်းချက်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားက ကြိုဆိုလိုက်ပြီးအကြမ်းဖက်မှုတွေမှာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို စုံစမ်းဖော်ထုတ်အရေးယူဖို့ကိစ္စ မပါဝင်တဲ့အပေါ်တော့ စိုးရိမ်ပူပန်မိတယ်လို့ မစ္စတာ ကင်တားနားက ပြောလိုက်ပါတယ်။
စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာပါအချက်တွေဟာ တန်ဖိုးရှိသလို၊ ဒီကိစ္စတွေကို အစိုးရကအကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းတဲ့အကြောင်း၊ ရခိုင်ပြည်နယ်က မူစလင်ဒုက္ခသည်စခန်းတွေမှာ လူဦးရေထူထပ်လွန်းပြီး၊ သောက်သုံးရေသန့်၊ စားနပ်ရိက္ခာဖူလုံဖို့နဲ့ ကလေးတွေအဟာရပြည့်ဝဖို့၊ သန့်ရှင်းရေးနဲ့ကျန်းမာရေး အတွက် ဆောင်ရွက်ပေးဖို့၊ ပညာရေးနဲ့ သက်မွေးဝမ်းကြောင်းမှုအလုပ်အကိုင် ဖန်တီးပေးဖို့တွေလိုအပ်တယ်လို့ သူကပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေအတွက် တရားမျှတမှုရှိအောင် ဆောင်ရွက်ပေးဖို့နဲ့ နှစ်ဘက်လူ့အဖွဲ့အစည်းကြားမှာ နားလည်မှုပြန်လည်တည်ဆောက်နိုင်အောင် ကြိုးစားပေးဖို့ကိုလဲ မစ္စတာ ကင်တားနားက ထပ်လောင်းပြောဆိုလိုက်ပါတယ်

No comments :
Post a Comment