Blogger Widgets

Friday 3 May 2013

ပို့ကုန်သွင်းကုန် ကုမ္ပဏီသစ်များ နယ်စပ်စခန်းများ၌ ခွင့်ပြုချက်ယူ လုပ်နိုင်ပြီ

နယ်စပ်ကုန်သွယ်ရေး စခန်းများ မှတဆင့် ပို့ကုန်-သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်လိုသော ကုမ္ပဏီအသစ်များ အနေဖြင့် သက်ဆိုင်ရာ စခန်းများတွင်သာ ခွင့်ပြုချက်ရယူ၍ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီိးဌာန မှတဆင့် သိရသည်။

“ကုမ္ပဏီအသစ်တွေအနေနဲ့ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ရုံးချုပ်မှာ ခွင့်ပြုချက် တောင်းခံခြင်းအစား ဧပြီ ၂၄ ရက်က စပြီး သက်ဆိုင်ရာ နယ်စပ် စခန်းတွေမှာပဲ စခန်း တာဝန်ရှိသူတွေက တာဝန်ယူ ကြီးကြပ်ပြီး ခွင့်ပြုနိုင်အောင်
ဖြေလျှော့ပေးလိုက်ပါပြီ” ဟု ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတေဇအောင်ဝင်း က ပြောသည်။

ယခင်ကမူ နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ပို့ကုန်-သွင်းကုန်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီ Letter Head ပါ မူရင်းလျှောက်လွှာ၊ ကုမ္ပဏီ Letter Head ပါ ကုမ္ပဏီ မှတ်ပုံတင် အမည်ပျက်စာရင်းတွင် ပါဝင်ခြင်း မရှိကြောင်း ဝန်ခံကတိ၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် မူရင်း-မိတ္တူ၊ ထုတ်ကုန်-သွင်းကုန်မှတ်ပုံတင် လက်မှတ် မူရင်း-မိတ္တူ စသည်တို့ကို တိုက်ဆိုင်စစ်ဆေးပြီး ရုံးချုပ်သို့ လျှောက်ထားကြရသည်။

“အခုလို ခွင့်ပြုပေးလိုက်တဲ့အတွက် အချိန်ရော၊ ငွေရော သက်သာသွားပါတယ်။ အရင်က ခွင့်ပြုချက်ရယူဖို့
နှစ်ပတ်ကနေ တလလောက်အထိ ကြန့်ကြာမှုရှိခဲ့တာပါ။ အခုတော့ အချိန်တိုအတွင်းမှာပဲ လုပ်ငန်းတွေ
ပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်လုပ်ငန်း
ဆောင်ရွက်နေသူ ဦးနေအောင် က ပြောသည်။

ကုမ္ပဏီအသစ်ဟု ဆိုရာတွင် ယခုလုပ်ကိုင်လိုသော နယ်စပ် ကုန်သွယ်ရေး စခန်း တခုတွင် တခါမှ သွင်းကုန်-ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသေးသော ကုမ္ပဏီကို သတ်မှတ်ခြင် ဖြစ်သည်။

“ကုမ္ပဏီအသစ် ဆိုတာက အဲဒီကုမ္ပဏီက မူဆယ်စခန်းကနေ ကုန်သွယ်မှု လုပ်ဖူးချင် လုပ်ဖူးမယ်။ ဒါပေမယ့် စစ်တွေနယ်စပ်စခန်းမှာ တခါမှ ကုန်သွယ်မှု မလုပ်ဖူးဘူး။ အခု စစ်တွေ စခန်းကနေ ကုန်သွယ်မှု လုပ်မယ်ဆိုရင် ကုမ္ပဏီအသစ် စာရင်းမှာ ပါဝင်မှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေး က ရှင်းလင်း ပြောပြသည်

No comments :

Post a Comment

Blogger Widgets
Back to Top