Blogger Widgets

Sunday 26 May 2013

မြန်မာနိုင်ငံအား အကူအညီပေးမည့် ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေး၏ မြန်မာနိုင်ငံအပေါ် အမှာစကား

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်အနေဖြင့် တရားဝင် အလည်အပတ် မရောက်ရှိခဲ့သည်မှာ ၃၆ နှစ် ကြာပြီဖြစ်သော မြန်မာနိုင်ငံသို့ ၂ဝ၁၃ ခုနှစ် မေလ၂၄ ရက်နေ့တွင် ကျွန်တော်လာရောက် လည်ပ တ်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို အမှူးပြု၍ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သဘောထားအမြင်များ ဖလှယ်မည်ဖြစ် ပါသည်။ ကျွန်တော့်အနေဖြင့် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင် လာရောက်လ ည်ပတ်ခဲ့ပါသော် လည်း မြန်မာနိုင်ငံတွင် မကြာသေးမီကနှင့် ယခုလတ်တလော ဖြစ်ပေါ်လျက်ရှိသည့် အပြောင်း အလဲများစွာကို ယခုတစ်ခေါက် လာရောက် လည်ပတ်ရာတွင် ကိုယ်တိုင်တွေ့ကြုံ ခံစားနိုင်မည် ဟု ပျော်ရွှင်စွာ မျှော်လင့်စောင့်စားမိပါသည်။ 

ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသည် ယခုအချိန်အထိ နှစ်ဖက်အပြန်အလှန် ယုံကြည်မှုကို အခြေခံပြီး ရေရှည်ကောင်းမွန်သော နှစ်နိုင်ငံအကြား ဆက်ဆံရေးကို တည်ဆောက်ခဲ့ပါသည်။ အဘိုးဖြစ်သူ ဝန်ကြီးချုပ် H.E.Mr.Nobusuke KISHI၊ ဖခင်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီး H.E.Mr.Shintaro ABE နှင့် ကျွန်တော်တို့ မျိုးဆက်သုံးဆက်တိုင်တိုင် လာရောက်လည်ပတ်နိုင်ခြင်းတို့ကြောင့် ကျွန်တော်နှင့် မြန်မာနိုင်ငံ ရေစက်ဆုံသည် ဟု ကိုယ်တိုင်လည်း ခံစားမိပါသည်။ 

 ယခုတစ်ခေါက် အလည်အပတ် လာရောက်ခြင်းသည် ရှေးယခင်လူကြီးများက ဆောင်ရွက်လာခဲ့သည့် သမိုင်းဝင် ဂျပန်-မြန်မာ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန် တွန်းအားပေးပြီး ကဏ္ဍလေးရပ်ကို အလေးထားပြီး ပူးပေါင်းဆောင်ရွက်သွားရန် လေးလေးနက်နက် မျှော်လင့်လျက်ရှိပါသည်။ ၄င်းကဏ္ဍလေးရပ်မှာ- 

(၁) နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ဂျပန်နိုင်ငံက အထူးအလေးထား ဆောင်ရွက်ခဲ့သည်မှာ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးကူညီခြင်း ဖြစ်ပါသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးတို့ကို ပိုမိုခိုင်မာအောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပြီး အကျိုးရလဒ်ကို မြန်မာပြည်သူ ပြည်သားများ အမှန်တကယ် ပို၍ ခံစားနိုင်ရန် အရေးကြီးသည်ဟု ထင်မြင် ယူဆမိပါသည်။ အခက်အခဲများစွာကို ကျော်လွှားလာခဲ့သည့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဂျပန်နိုင်ငံက တတ်စွမ်းသမျှ ကူညီသွားပါမည်။ ရှိထားသည့် အင်အားများကို အစွမ်းကုန်ထုတ်၍ ထောက်ပံ့သွားမည့် မူဝါဒဖြစ်ပါသည်။ 

(၂) လျင်မြန်စွာ အသက်ဝင်လာသည့် နှစ်နိုင်ငံစီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် ပြုလုပ်ပြီး နှစ်နိုင်ငံအပြန်အလှန် အကျိုးဖြစ်ထွန်းစေရန် ဦးတည်ဆောင်ရွက်သွားပါမည်။ ဂျပန်နိုင်ငံက နိုင်ငံတကာ အသိုက်အဝန်းကို ဦးဆောင်၍ မြန်မာနိုင်ငံအတွက် ကြွေးမြီကိစ္စ ဖြေရှင်းမှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယန်းချေးငွေအသစ် ခန့်မှန်းခြေ ယန်းသန်းငါးသောင်း အပါအဝင် မြန်မာနိုင်ငံသို့ အထောက်အပံ့ အပြည့်အဝ ပြန်လည်စတင်ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထပ်မံ၍ ယခုအကြိမ် ပြုလုပ်မည့် ဂျပန်-မြန်မာ ထိပ်သီးဆွေးနွေးပွဲတွင်လည်း နောက်ထပ်ပေးအပ်မည့် အထောက်အပံ့များကို ထုတ်ဖော် ပြောကြားမည် ဖြစ်ပါသည်။ ထို့ပြင် ယခုခရီးစဉ်တွင် ဂျပန်နိုင်ငံကို ကိုယ်စားပြုမည့် စီးပွားရေး လောက ခေါင်းဆောင်များနှင့် အတူတကွ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခြင်းသည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားလျက်ရှိကြောင်း ပြသနေပါသည်။ ဂျပန်-မြန်မာ နှစ်နိုင်ငံစလုံး အနေဖြင့် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့်ရလဒ် (Win-Win) ပေါ်ထွက်လာစေရန် ဂျပန်အစိုးရက နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် တွန်းအားပေးသွားပါမည်။ 

(၃) ဂျပန်-မြန်မာ ဆက်ဆံရေး အခြေခံအသစ် တည်ဆောက်ရန်အတွက် ၄င်းကို အထောက်အကူပြုနိုင်မည့် နှစ်နိုင်ငံ နိုင်ငံသားများ ကူးလူး ဆက်ဆံရေးနှင့် ယဉ်ကျေးမှု ဖလှယ်ခြင်းများကို ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားရန် လိုအပ်ပါသည်။ ကျွန်တော်နှင့် ကျွန်တော့်ဇနီး ကိုယ်တိုင်ကလည်း မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံများအတွက် မူလတန်း ကျောင်း ဆောက်လုပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်အောင် ပိုမိုလုပ်ဆောင်သွားပါမည်။ 

(၄) မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်တွင် ရှိသောဒေသများ လုံခြုံရေးနှင့် ပတ်သက်၍ ယခုအကြိမ် အလည်အပတ် ခရီးစဉ်တွင် ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ တူညီသော ထင်မြင်ယူဆချက်ကို နားလည်သဘောပေါက်ပြီး ဆွေးနွေးပွဲများနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဆောင်ရွက်သွားရန် ရှိပါသည်။ ဂျပန်နိုင်ငံတွင် မြန်မာကို ချစ်သောသူ အများအပြား ရှိပါသည်။ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးသည် အလွန်ကောင်းမွန်ပါသည်။ သို့သော် လက်ရှိအခြေအနေကို ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို မြှင့်တင်သွားချင်ပါသည်။ ယခုအကြိမ် ကျွန်တော်၏ အလည်အပတ်ခရီးစဉ်သည် ဂျပန်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်နိုင်ပြီး သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်နိုင်ရန် အခွင့်အလမ်းများ ပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်လျက် ရှိပါသည်ဟု ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top