Blogger Widgets

Friday 24 May 2013

တမလွှန်သူငယ်ချင်း

ကိုကြီးကျောက်နှမ မေဓါဝီက ဘဝတပါးကို ရောက်သွားတဲ့ သူ့သူငယ်ချင်းက သူ့ဆီဖုန်းဆက် ဂျီတော့မှာ မီးစိမ်းတွေ ပြနေတာတွေ ဖတ်လိုက်ရတော့ ကိုကြီးကျောက် ငယ်သူငယ်ချင်းတယောက် မမျှော်လင့်ပဲ ဆုံးသွားပြီး သူငယ်ချင်းတွေကို လာနှုတ်ဆက်ခဲ့တာလေးကို သတိရမိတယ်၊ အဲဒီတုန်းကတော့ ခုခေတ်လို hand phone တွေ၊ အင်တာနက်တွေ မပေါ်သေးတော့ သူကိုယ်တိုင်ကိုယ်ထင်လာပြရတာပေါ့၊ ခုခေတ်လို ဆိုရင်တော့ သရဲမလေးတွေနဲ့ အီစီကလီ ဖြစ်နေပြီတို့ ဘာတို့ text message တွေ မပို့ဘူးလို့ မပြောနိုင်ဘူးလေ၊ ကိုကြီးကျောက်တို့ မန်းတက္ကသိုလ်မှာ နေတုန်းက နယ်ကျောင်းသားတွေ အများစုက ကျောင်းကအဆောင်တွေမှာပဲနေကြရတာကလား..၊ မန်းတက္ကသိုလ်မှာက ရန်ကုန်တက္ကသိုလ်လို သူ့မေဂျာအလိုက် ခွဲပြီးအဆောင်တွေ ထားတာမျိုးမဟုတ်ပဲ မေဂျာပေါင်းစုံကို အဆောင်ပေါင်းစုံမှာ ထားတော့ ကိုကြီးကျောက်သူငယ်ချင်းတွေမှာ မေဂျာပေါင်းစုံက ရှိနေတာပေါ့၊ ဒီတော့ ကိုကြီးကျောက်က ကိုယ့်မေဂျာက သူငယ်ချင်းတွေနဲ့လဲ ဟိုသွားဒီလာလုပ်သလို တခြားမေဂျာက သူငယ်ချင်းတွေနဲ့လဲ သူတို့ အတန်းတွေကို လိုက်တက်ရင်း ကျောင်းသူတွေ ငမ်းရတာပေါ့လေ၊ ကိုယ့်အတန်းထဲမှာက ကျောင်းသူမှ မရှိတာကိုး၊ ကျောင်းသူများကလဲ စားမတတ်ဝါးမတတ် ကြည့်တတ်တဲ့ ကိုကြီးကျောက်တို့ ဘူမိကျောင်းသားတွေဆို တယ်ကြောက်ကြတာကိုး..၊ ဟော.....စင်ကာပူက ဘလော့ဂါ MKS တို့ ဆိုရင် တောင်ငူက တင့်တင့်ကိုအပိုး ကောင်းလိုက်တာ..လန့်ဖြန့်ပြီး တခါထဲ လင်စိတ်သားစိတ်တွေ ကုန်သွားပုံရတယ် ခုထိ တောင်ငူမှာ အပျိုကြီးတဲ့၊ ကိုကြီးကျောက်တို့ နယ်ကတက်တဲ့ ကျောင်းသားအများစုက ဗမာပြည် အထက်ပိုင်းကများပါတယ်၊ မုံရွာသားမြင်းခြံသားတွေများတော့ ကိုကြီးကျောက်တွဲမိတဲ့ သူငယ်ချင်း တွေမှာ မုံရွာသားအတော်ပါတယ်၊
အဲ... မိန်းမပိုးတာတော့ ကိုကြီးကျောက်က နယ်မရွေးပါဘူး..၊ မယ်ဆင်တို့မြို့ နတ္တလင်းကတောင်ပါသေး.. ( နှမ ဖြစ်သူမယ်ဆင်လဲ မတ်လထဲ စုဗူးဖောက်မယ်ပြောတယ်..ကလေးရော လူကြီးပါ ကျန်းမာချမ်းသာပါစေကြောင်း ကိုကြီးကျောက်က နေ့တိုင်းဆုတောင်းမေတ္တာ ပို့လိုက်ပါတယ် )၊ ကိုကြီးကျောက် ဒုတိယနှစ်ကျောင်းသားတုန်းက တခန်းထဲ အတူနေတဲ့ သူငယ်ချင်းက သောင်းထွန်းတဲ့၊ သူက မုံရွာသား..၊ နုနုရည်(အင်းဝ) တိုနဲ့ တမေဂျာထဲ..၊ သချာင်္က၊ သူနဲ့ပတ်သက်ပြီး ကိုကြီးကျောက်လဲ သူတို့မေဂျာက အတော်များများနဲ့ခင်တယ်၊ တတိယနှစ်မှာတော့ ကိုကြီးကျောက်နဲ့ သောင်းထွန်းနဲ့ အဆောင်ကွဲသွားတယ်၊ သူက အောင်မင်္ဂလာမှာ ကိုကြီးကျောက်က ဇေယျာဆောင်မှာ၊ အဆောင်ကွဲပေမဲ့လဲ သူငယ်ချင်းတွေ ဆိုတော့ ဟိုအဆောင် ဒီအဆောင်ကူးသန်းနေကြတာပါပဲ၊ သောင်းထွန်းက အောင်မင်္ဂလာမှာနေတော့ သူ့ အခန်းဖေါ်က မုံရွာသား သက်ဦး၊ ကိုကြီးကျောက်က သူတို့အဆောင်သွားလို့ စကားတွေပြော ညဉ့်နက်သန်းကောင် လဘက်ရည်ဆိုင်ထိုင်၊ တခါတလေ ကိုယ့်အဆောင်ကို မပြန်ပဲ ကုတင်တွေဆက်ပြီး သူငယ်ချင်းတတွေ တိုးခွေ့အိပ်ကြတာကိုး၊ တရက်မှာတော့ သက်ဦးက မုံရွာပြန်သွားတယ်၊ သောကြာနေ့ နေ့လည်အတန်းမတက်ပဲ ပြန်သွားတာ၊ ကိုကြီးကျောက်က သောင်းထွန်းကို သွားခေါ်ပြီး လထက်ရည်ဆိုင်ထိုင်၊ ပြန်မယ်လုပ်တော့ သောင်းထွန်းက "ငါ့အဆောင်လိုက်အိပ်ကွာ..သက်ဦးမုံရွာပြန်သွားလို့ သူ့ကုတင်လွတ်နေတာပဲ " ကိုကြီးကျောက်က " အေး...ကောင်းသားပဲ " ဆိုပြီး အောင်မင်္ဂလာကို ပြန်လိုက်သွားတော့ အဆောင်မှာရှိတဲ့ မုံရွာက ကိုထွန်းကျော်ရယ်၊ မြောင်က မျိုးမြင့်မောင်ရယ် အခန်းထဲ အတူစကားပြောနေကြတာပေါ့..၊ အဲဒီ အချိန်မှာ သက်ဦးက အခန်းကို ပြန်ရောက်လာတယ်၊ ကိုကြီးကျောက်တို့ကလဲ "သက်ဦး.. မင်း မပြန်ဖြစ်ဘူးလား " ဆိုတော့ " အေး..." တဲ့၊ သူ့ကုတင် မှာခနထိုင်ပြီး အပြင်ပြန်ထွက်သွားတော့ ကိုကြီးကျောက်တို့က ဒီကောင်အိမ်သာသွားတာနေမှာဆိုပြီး ထင်နေတာပေါ့၊ အိပ်ချိန်လဲ ပြန်မလာတော့ တခန်းခန်းမှာ ဝင်အိပ်နေပြီပဲ ထင်တာပေါ့၊ မနက်ရောက်တော့ မုံရွာက သတင်းတခု ဝင်လာတယ်...၊ 

မနေ့က ညနေက သက်ဦးစီးသွားတဲ့ မုံရွာကားနဲ့ တဖက်ကလာတဲ့ကား မြင်းမူနားမှာ ကားချင်းအရှောင် ဘေးချင်းပွတ်ပြီး တိုက်မိတာ သက်ဦးလဲ ပွဲချင်းပြီးဆုံးသတဲ့...၊ ဟင်....ဒါဆို မနေ့ညက တွေ့တဲ့သက်ဦးက လူစင်စစ်မဟုတ်ပေဘူးပေါ့..၊ ကိုကြီးကျောက်တို့ မုံရွာ လိုက်သွားတော့ သက်ဦးအလောင်းကို သင်္ဂြု လ်ဖို့ ပြင်ဆင်နေတာ တွေ့ချိန်မှာ ကိုကြီးကျောက်တို့ သူငယ်ချင်းတတွေ မနေ့ညက သက်ဦးပြန်လာတာ အားလုံးအမြင်ပဲမို့ အံ့အားတွေသင့်ကုန်ကြရတာပါပဲ..၊ သောင်းထွန်းကတော့ တပတ်လောက် အခန်းပြန်မအိပ်ရဲဘူးဖြစ်သွားတယ်။ အင်း....ရုတ်တရက် ဘဝပြောင်းသွားတော့ သက်ဦးလဲ စွဲမိစွဲရာ အဆောင်ကို ပြန်လာတာထင်ပါရဲ့..၊ ကိုကြီးကျောက်ကတော့ နှစ်ပေါင်း ၃၀ လောက်ကြာခဲ့ပေမဲ့ မနေ့တနေ့က ဖြစ်ပျက်ခဲ့သလို ခံစားမိကြောင်းပါ.... ကိုကြီးကျောက်တို့ NCI က trial မှာ ဆေးကုဖို့စောင့်နေရင်း အနားရနေတော့ တနေ့တနေ့ အလုပ်မရှိတော့ အစားအသောက်အကြောင်းပဲ စဉ်းစားနေတော့တာပဲ၊ စာဖတ်တော့လဲ အန်တီဘေဘီ၊ကူးကူး၊ မယ်ဆွိ၊ မိုးကောင်းသူ၊ ထမင်းအိုး၊ မယ်မြူး၊ မယ်ချောတို့ရဲ့ အရသာရှိလှတဲ့ ရသစာပေ စားစရာဘလော့တွေပဲ ရောက်ဖြစ်ပြီး သွားရေတမြားမြားနဲ့ ပြန်ခဲ့ရတာပါပဲ၊ အကြော်အလှော် အညှော်တွေများတဲ့ ဗမာဟင်းတွေကလဲ ဆောင်းတွင်းမှာ အိမ်ထဲချက်ရင် ဟင်းနံ့တွေ အဝတ်တွေမှာစွဲနေသလို ခံစားမိတော့ မချက်ဖြစ်ပါဘူး..ချက်မယ်ဆိုလဲ ညှော်စုတ်စက်က တဝူးဝူးအော်၊ အနံ့ပျောက်ဖယာင်းတိုင်မွှေးတွေကိုလဲ ဓါတ်ဆင်ဓါတ်ရိုက်များလုပ်နေသလို တအိမ်လုံးထွန်းထားရသေးဆိုတော့ ချက်ချင်စိတ်မရှိပါဘူး..၊ ပြီးခဲ့တဲ့ အပတ်ကတော့ ရာသီဥတုလေး သာယာလာတော့ အိမ်နောက်ဖေး ကပြင်မှာ ထွက်ပြီးသူတို့ ဘလော့တွေလမ်းညွှန်သလို ကိုယ်စားချင်တာတွေ ချက်ကြည့်တာပေါ့လေ၊ ကွန်ပြူတာကလဲ ဖွင့်ထားရသေး၊ အပြင်ထွက်ချက်လိုက်..မေ့သွားရင် ကွန်ပြူတာကို ပြေးလာဖတ်လိုက်၊ ဆားတဇွန်းပဲ ထည့်ရမှာလား တပုလင်းလုံး ဟင်းအိုးထဲထည့်ရမှာလား...ပြေးပြီးပြန်လာကြည့်ရတာ အမော၊ တော်ပါသေးရဲ့ သူတို့ ရေးတဲ့ထဲမှာ ငံပြာရည်တပုလင်း၊ ဆားတဗူးထည့်ပါလို့ရေးပြီး နောက်ဆုံးမှ အမှားပြင်ဆင်ချက်...ငံပြာရည်တစက် ဆား နှစ်ပွင့်သာခတ်ပါဆိုရင် ပြဿနာ၊ ဟော...ချက်ပြုတ်လဲပြီးရော လက်စွမ်းပြထားတဲ့ ကိုယ့်လက်ရာကို ကိုယ့်ဖာသာကောင်းတယ်ဆိုပြီး အားပေးရင်း ငံညီးညီး တူးတူးခါးခါးလေးကို ကြိတ်မှိတ်စားပလိုက်တော့တာပါပဲ၊ ကဲ..ကိုကြီးကျောက်တို့ အပြင်ထွက် ဟင်းချက်ကောင်းလိုက်တာ အအေးမိသွားပြီး နေမကောင်းချင်ချင်ဖြစ်လို့ စာလဲမရေးနိုင်တာ တပတ်လောက်ရှိပြီ၊ ဘလော့တွေလဲ အကုန်မရောက်ဖြစ်ပဲ တနေ့ တခုနှစ်ခု သွားနိုင်တော့တယ်၊ ကြာကြာမထိုင်နိုင်တာကြောင့်ပေါ့..၊ ခုတော့ သက်သာပါပြီ..ဟင်းချက်ဖို့ အစီအစဉ်တော့ spring ရောက်အောင် ရွှေ့ဆိုင်းထားပါကြောင်း...။ google က ပုံကို သုံးထားပါသည်

No comments :

Post a Comment

Blogger Widgets
Back to Top