Blogger Widgets

Friday, 17 May 2013

မဟာစင်မုန်တိုင်း ရုတ်တရက် လမ်းကြောင်း ပြောင်းလဲမှုကြောင့် မောင်တောအပါအ၀င် မြန်မာနိုင်ငံဒေသ အများအပြားတွင် သက်သာခဲ့

ကုန်းတွင်းပိုင်းသို့ဝင်ခါနီးမဟာစင်မုန်တိုင်း လမ်းကြောင်းပြောင်းသွားသည်ကို  mmweather.com တွင် မေ ၁၆ ရက် ညနေပိုင်းက ဖော်ပြထားစဉ်
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေသို့ မေ ၁၆ ရက် ညနေပိုင်းက ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဦးတည်ရာလမ်းကြောင်း ရုတ်တရက် ပြောင်းလဲခဲ့သည့်အတွက် မြန်မာနိုင်ငံဒေသ အများအပြားတွင် သက်သာခဲ့ကြောင်း သတင်းရရှိသည်။
မေ ၁၆ ရက် ည ၈ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေပြီး လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားပျော့ ပျက်ပြယ်သွားမည်ဟု ခန့်မှန်းရကြောင်း မိုး/ဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။
s6
မောင်တောမြို့နယ် မောရ၀တီရွာအနီးရှိ ဖြတ်လမ်းတွင် တောင်ကျရေများကြောင့် မြေသားလမ်းပြိုသွားသည်ကို မေ ၁၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်
ထို့ပြင် မုန်တိုင်း၏ အခြေအနေမှာ အစိမ်းရောင်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းအတွက် အန္တရာယ်ကင်းရှင်းသွားပြီ ဖြစ်ကြောင်းလည်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။ အဆိုပါ မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းနှင့် ရခိုင်ပြည်နယ်ရှိ မောင်တောမြို့အကြား ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ကာ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသည် မုန်တိုင်းသက်ရောက်မှုကို ကြုံတွေ့ရလိမ့်မည်ဟု ခန့်မှန်းမှုများ ရှိခဲ့သော်လည်း ဖြတ်ကျော်ဝင်ရောက်မည့် နေ့ရက်တွင်မူ လမ်းကြောင်းအနည်းငယ် ပြောင်းလဲသွားသည့်အတွက် မြန်မာနိုင်ငံဘက်တွင် သက်ရောက်မှု နည်းပါးခဲ့ကြောင်း သိရှိရသည်။ မုန်တိုင်း၏ ဗဟိုချက်သည် ညနေပိုင်း၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ကုန်းတွင်းဖြတ်ကျော် ၀င်ရောက်ခဲ့ခြင်း ဖြစ်သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မြေပြိုမှုအချို့ ကြုံတွေ့ခဲ့သည်ဟု သိရှိရသည်။
s7
မောင်တောမြို့တွင်း မြင်ကွင်းကို မေ ၁၆ ရက် နံနက်ပိုင်းက တွေ့ရစဉ်
ဆိုင်ကလုန်းမဟာစင်၏ ကမ်းခြေဖြတ်ကျော်စဉ် လေတိုက်နှုန်းကို တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ ၀န်းကျင်ဟု ခန့်မှန်းထားခဲ့သော်လည်း မေ ၁၆ ရက် နံနက်ပိုင်း၌ အားအနည်းငယ် လျော့လာကာ ညနေပိုင်း ကမ်းခြေဖြတ်ကျော် ၀င်ရောက်စဉ်တွင် ခန့်မှန်းထားသည်ထက် လေတိုက်နှုန်း လျော့နည်းခဲ့သည်။

မဟာစင်မုန်တိုင်းနှင့် ပတ်သက်၍ သက်ရောက်နိုင်ခြေရှိသော မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းမှုအချို့ ရှိခဲ့သည်မှအပ ရာသီဥတု အခြေအနေ ဆိုးရွားမှု မရှိခဲ့...
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအထိ အ၀ါရောင်အဆင့်ဖြင့် တည်ရှိနေခဲ့ရာမှ ညနေပိုင်းတွင် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိခဲ့သည်။ မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင်မူ ကမ်းခြေသို့ ဦးတည်နီးကပ်လာသည့်အတွက် အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။
s8
စစ်တွေဆိပ်ကမ်းတစ်နေရာအား မေ ၁၆ ရက်နေ့မြင်ကွင်း
မုန်တိုင်းသက်ရောက်နိုင်ခြေ ရှိသည်ဟု ခန့်မှန်းကြေညာထားခဲ့သော ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းအန္တရာယ် ကြိုတင်ကာ ကွယ်ရေးနှင့်ပတ်သက်၍ နိုးကြားမှုလည်း ရှိနေကာ ဒေသခံများအားလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှု ပြုလုပ်ထားသည်။
မုန်တိုင်းဝင်ရောက်ချိန်တွင်မူ လမ်းကြောင်း အနည်းငယ် ပြောင်းလဲခဲ့သလို မုန်တိုင်း၏ လေတိုက်နှုန်းလည်း အားလျော့သွားသည့်အတွက် မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှု မရှိခဲ့ကြောင်း သိရသည်။
s1
မောင်တောဒေသခံနှစ်ဦးအား မေလ ၁၆ ရက်နေ့ ညနေ ၅ နာရီခန့်က တွေ့ရစဉ်
မောင်တောမြို့၌ ရာသီဥတုမှာ မွန်းလွဲ ၂ နာရီနောက်ပိုင်းမှ စတင်၍ ပုံမှန်အခြေအနေ ရောက်ရှိနေပြီး မိုးရွာသွန်းခြင်း၊ လေတိုက်ခြင်းများ မရှိကြောင်းနှင့် ပိတ်ထားသော ဈေးဆိုင်အချို့လည်း ပြန်လည်ဖွင့်လှစ် လျက်ရှိကြောင်း ညနေ ၆ နာရီဝန်းကျင်က သိရသည်။
သက်ဆိုင်ရာမှ မေ ၁၆ ရက်တွင် မုန်တိုင်းတိုက်ခတ်မည်ဟု ကြေညာထားသောကြောင့် မေ ၁၅ ရက် ည ၁၂ နာရီမှ ၂ နာရီအတွင်း မိုးရွာသွန်းခြင်း၊ လျှပ်စီးလက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်ကို ပြည်သူအများစုမှာ စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့သည်။
s2
မဟာစင်မုန်တိုင်း ကုန်တွင်းပိုင်းသို့ ၀င်ရောက်မှုအခြေအနေကို www.usno.navy.mil တွင် မေ ၁၆ ရက် မြန်မာစံတော်ချိန်  ညနေ ၅ နာရီခန့်က ဖော်ပြထားစဉ်
မေ ၁၆ ရက် နံနက် ၅ နာရီမှ ၇ နာရီအတွင်း မိုးရွာခြင်း၊ လေတိုက်ခြင်းများဖြစ်ပေါ်ခဲ့ပြီး လေတိုက်နှုန်းမိုင် ၂၀ ခန့်ရှိကာ ပြည်သူများမှာ ပိုမိုစိုးရိမ်မှုများ ဖြစ်ပေါ်သည်။ သက်ဆိုင်ရာ တာဝန်ရှိသူများမှလည်း မောင်တောခရိုင် အုပ်ချုပ်ရေးရုံးတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။ နံနက် ၇ နာရီခွဲ နောက်ပိုင်းတွင်း မိုးအုံ့လိုက် နေပူလိုက် ဖြစ်ပေါ်ခဲ့ကာ မိုးအနည်းငယ်သာ ရွာသွန်းပြီး မွန်းလွဲ ၂ နာရီနောက်ပိုင်းမှ ပုံမှန် အခြေအနေသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
s3
မေ ၁၆  ရက်နေ့ ညနေ ၅ နာရီကျော်ခန့်က မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ်ဂိတ်မှ နတ်မြစ်ဘက်သို့ မြင်ရစဉ်
''မုန်တိုင်းတိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်အောင် ပြောင်းရွှေ့ခဲ့တဲ့လူတွေကို သူတို့ရဲ့ နေအိမ်တွေကို ပြန်လည်ပြောင်းရွှေ့ဖို့ ပြင်ဆင်နေပါတယ်။ အခုလိုမျိုး မုန်တိုင်းတိုက်ခတ်မှု မရှိတာကြောင့် ဆုံးရှုံးမှုတွေ၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေးတွေ လုပ်ဆောင်ခြင်း မပြုရတော့တဲ့အတွက် မောင်တောမြို့ဟာ ဘေးအန္တရာယ်ကင်းရှင်းတဲ့ မြို့ဖြစ်သွားပါပြီ'' ဟု မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ပြောသည်။
''မနက် ၁၁ နာရီ နောက်ပိုင်းကစပြီး မိုးရွာတာတွေ မရှိတော့ဘူး။ နေတောင် ပူနေသေးတယ်။ အခု ညနေပိုင်းလောက် ကျတော့ လူတွေအများကြီး လမ်းပေါ် ထွက်လာကြတယ်။ မုန်တိုင်းနဲ့ ပတ်သက်ပြီး စိုးရိမ်တာတွေလည်း မရှိတော့ဘူး။ အေးဆေးဖြစ်သွားပါပြီ။ ဆိုင်တွေကတော့ ဖွင့်ထားတဲ့ဆိုင်တွေ ဆက်ဖွင့်ထားပါတယ်။ မနက်ဖြန်လောက် ဆိုရင်တော့ အားလုံး ပုံမှန်ပြန်ဖြစ်သွားလောက်ပါပြီ'' ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ညနေ ၅ နာရီ ၄၅ မိနစ်တွင် သတင်းပေးပို့သည်။
s4
မေ ၁၆ ရက်နေ့ က စစ်တွေမြို့ရှိ  ဘင်္ဂါလီဒုက္ခသည်စခန်းတစ်နေရာအား  တွေ့ရစဉ်
မုန်တိုင်း၏ သက်ရောက်မှုကြောင့် နေရာကွက်၍ မိုးကြီးမှုများကို စစ်ကိုင်း၊ မန္တလေး၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပေါ်နိုင်ကာ သဘာဝဘေးအန္တရာယ် အချို့ကိုလည်း ကြုံတွေ့နိုင်သည်ဟု မူလက ခန့်မှန်းထားခဲ့သော်လည်း လက်ရှိ တွင် လမ်းကြောင်းပြောင်းလဲမှုကြောင့် ဆိုးရွားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိခဲ့ချေ။ မဟာစင်မုန်တိုင်းနှင့် ပတ်သက်၍ သက်ရောက်နိုင်ခြေရှိသော မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းမှုအချို့ ရှိခဲ့သည်မှအပ ရာသီဥတု အခြေအနေ ဆိုးရွားမှု မရှိခဲ့ကြောင်း သိရသည်။
မဟာစင်မုန်တိုင်းနှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ
မောင်တော (မေ ၁၆ ရက်၊ ည ၁၁ နာရီ)
ဆိုင်ကလုန်း မဟာစင်၏ လမ်းကြောင်း ပြောင်းလဲသွားသောကြောင့် မောင်တောမြို့တွင် မုန်တိုင်းဒဏ် ခံစားရခြင်းမရှိဘဲ ညပိုင်းတွင် မိုးအနည်းငယ် ရွာသွန်းသည်မှအပ ရာသီဥတုအ ခြေအနေမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။
စစ်တွေ (မေ ၁၆ ရက်၊ ည ၁၁ နာရီ)
စစ်တွေမြို့၏ ရာသီဥတု အခြေအနေမှာ ညပိုင်းတွင် ပုံမှန်အတိုင်းရှိပြီး ညနေပိုင်းမှစ၍ ဆိုင်အချို့ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ညဦးပိုင်းတွင်လည်း ပုံမှန်အတိုင်း သွားလာလှုပ်ရှားမှုများ ရှိခဲ့သည်။
စစ်တွေ (မေ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်)
စစ်တွေမြို့တွင် မွန်းလွဲပိုင်း၌ လေပြင်း တိုက်ခတ်မှု၊ မိုးရွာသွန်းမှု မရှိတော့ကြောင်း သိရှိရသည်။
မင်းပြား (မေ ၁၆ ရက်၊ မွန်းလွဲ ၃ နာရီ ၃၅ မိနစ်)
မင်းပြားမြို့ပေါ်သို့ မုန်တိုင်းတိမ်းရှောင်သူ သောင်းဂဏန်းနီးပါး ရောက်ရှိလာကြောင်း သိရသည်။
ကျောက်ဖြူ (မေ ၁၆ ရက်၊ မွန်း လွဲ ၂ နာရီ)
ကျောက်ဖြူမြို့၊ မွန်းလွဲ ၁ နာရီ ၅၀ မိနစ် ကျောက်ဖြူမြို့တွင် မေ ၁၆ ရက် နံနက်ပိုင်းကသာ မိုးရွာသွန်းခဲ့ပြီး လက်ရှိတွင် မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုများ မရှိကြောင်း သိရသည်။
မောင်တော (မေ ၁၆ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်)
မောင်တောမြို့တွင် ယခုအချိန်၌ လေငြိမ်နေပြီး မိုးစဲသွားပြီဖြစ်ကာ မိုးလည်း အနည်းငယ်အုံ့နေကြောင်း၊ ဒီရေ သုံးပေ၀န်းကျင် တက်လာကြောင်း Eleven Mdeia Group ၏ သတင်းထောက်က သတင်းပေးပို့သည်။  
မေ ၁၆ ရက် မွန်းလွဲပိုင်း မိုး/ဇလ၏ သတင်းထုတ်ပြန်ချက်အရ ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မောင်တောမြို့နယ် ကမ်းခြေတွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၀ ပေ အထိ ရှိနိုင်ကြောင်း သိရသည်။ မွန်းလွဲ ၁၂ နာရီဝန်းကျင်က မောင်တောမြို့၏ အရှေ့ တောင်ဘက်မှ လေတိုက်နှုန်းမှာ တစ်နာရီ လျင် ၂၅ မိုင်ဖြစ်သည်။
မောင်တော (မေ ၁၆ ရက် မွန်းတည့် ၁၂ နာရီ)
မောင်တောတွင် မုန်တိုင်း၏ သက် ရောက်မှုအဖြစ် နံနက် ၅ နာရီခန့်တွင် လေ ပြင်းများ စတင်တိုက်ခတ်ခဲ့ပြီး ၆ နာရီခွဲတွင် မိုးခြိမ်းကာ မိုးသက်လေပြင်း တိုက်ခတ်ခဲ့ ကြောင်း သိရှိရသည်။ မနက် ၈ နာရီခွဲ အချိန်ခန့်တွင်မူ မိုးရွာသွန်းမှုရပ်သွားခဲ့ပြီး ယခုလက်ရှိ အချိန်တွင် မိုးရွာသွန်းမှုနှင့် လေပြင်းတိုက်မှုမရှိဘဲ ငြိမ်သက်နေကာ နေ ထွက်လာလိုက် မိုးကျလိုက် အခြေအနေမျိုး ဖြစ်နေကာ သိရသည်။
ရာသီဥတု အခြေအနေကြောင့် မောင်တောမြို့နယ်ရှိ လမ်းမများပေါ်တွင် လူအသွား အလာနည်းသွားပြီး ဆိုင်ခန်းနှင့် ဈေးဆိုင်များ လည်း ပိတ်သိမ်းထားကြောင်း သိရပါသည်ေ

No comments :

Post a Comment

Blogger Widgets
Back to Top