ရန်ကုန်၊ မေ- ၂၀
မြို့ပြတိုးချဲ့မည့် စီမံကိန်း ကြောင့် ရန်ကုန်မြို့စွန်ရှိ
လယ်မြေများကို စီးပွားရေးလုပ်ငန်းရှင်များက ဈေးပိုပေး
ဝယ်ယူမှုများရှိလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သတင်းရရှိသည်။
“အရင်တုန်းက မြေတွေက ၀ယ်မယ့်သူတောင်မရှိဘူး။ အခု တော့
ဝိုင်းဝယ်နေကြတယ်”ဟု ရွှေကံအိမ်ခြံမြေ အကျိုးဆောင်မှ ဦးမောင်က မေလ ၂၀
ရက်တွင် ပြောကြားသည်။
ထိုသို့ ၀ယ်ယူရာတွင် လိမ်လည်မှုများ ရှိနိုင်သဖြင့်
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် စနစ်တကျလေ့လာပြီးမှသာ ၀ယ်ယူသင့်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ လယ်ယာမြေဥပဒေအရ
စိုက်ပျိုးလယ်ယာမြေများကို တစ်ဦးမှတစ်ဦး လွှဲပြောင်းရောင်းချခွင့် မရှိပေ။
လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ ပေါင်နှံရောင်းချခွင့်ရှိသည်။
လယ်ယာမြေများကို လူနေထိုင်ခွင့် လန (၃၉)ရမှသာ တရားဝင်ရောင်းချခွင့် ရှိသည်။
ရန်ကုန်မြို့ကို တိုးချဲ့ရန်ကြည့် မြင်တိုင်တစ်ဖက်ကမ်း၊ ဒလ၊
တွံတေး၊သန်လျင်၊ ကျောက်တန်းနှင့် ရန်ကုန် မြို့စွန် မှော်ဘီ၊ ထောက်ကြန့်၊
လှည်းကူးမြို့တို့ကို နိုင်ငံခြားသားများ ရင်းနှီးမြှုပ်နှံရန်
နေရာကောင်းများဟု စီးပွားရေးသမားများက သုံးသပ်နေကြသည်။
အိမ်ခြံမြေဈေးကွက်တွင် ဒေါ်လာဈေး ထပ်မံမြင့်တက်လာပါက အရောင်းအ၀ယ်
ပိုမိုကောင်းလာနိုင်ကြောင်း မဏ္ဍိုင်အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှ
ဦးသန်းဦးက ခန့်မှန်းသည်။
“ဒေါ်လာဈေးတက်လို့ ပို့ကုန်သမားတွေ၊ ထုတ်ကုန်သမားတွေ ၀င်ငွေကောင်းလာရင်
အရင်းအနှီးတွေ က ဒီဘက်ကို စီးလာနိုင်မှာပဲ”ဟု အထက်ပါပုဂ္ဂိုလ်ကဆိုသည်။
လက်ရှိ အိမ်ခြံမြေဈေးကွက်တွင်အကွက်ကြီးအချို့ အရောင်းအ၀ယ်
ရှိလာသော်လည်း ပါမစ်မြေကွက် အရောင်းအ၀ယ်အေးလာကြောင်း အကျိုးဆောင်များထံမှ
သတင်းရရှိသည်။ ခရမ်း၊ သုံးခွမြို့နယ်များတွင် လယ်တစ်ဧကကို ကျပ်သိန်း ၆၀ မှ
သိန်း ၁၅၀၊ ၂၀၀ အထိ အရောင်းအ၀ယ်ဖြစ်လာသည်။ ယင်းသို့ ဈေးနှုန်းများ
တိုးမြှင့်ပေးပြီး ၀ယ်ယူကြခြင်းမှာ
နေရာဦးသူများဖြစ်ကြောင်းဦးမောင်ကဆိုသည်

No comments :
Post a Comment