ပြင်သစ်နှင့် မြန်မာကုမ္ပဏီ တစ်ခုတို့ ပူးပေါင်း၍ ဧရာဝတီတိုင်း
ဒေသကြီးအတွင်းရှိ ဟင်္သာတမြို့တွင် ပေါင်းဆန်ထုတ်လုပ်သည့်
လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိသွားကြောင်း အမျိုးသား စီမံကိန်းနှင့်
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
ပြင်သစ်မှ Societe Industrielle Agricole Et Commercial D' Outre Mer
(SIACOM) နှင့် မြန်မာနိုင်ငံမှ XY Trad- ing Co., Ltd တို့ ပူးပေါင်းကာ
Shwe Zabar Co.Ltd အမည်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင်
ဆန်အမျိုးအစားခွဲခြင်း၊ ဆန်ပေါင်းတင်ခြင်းနှင့် အရောင်တင်ခြင်းတို့ အပါအ၀င်
ဆန်စပါး ကြိတ်ခွဲပြုပြင်သည့် ဆန်စက်နှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းတို့
လုပ်ကိုင်မည်ဖြစ်သည်။
ဇွန် ၂၉ ရက်က ရန်ကုန်ရုံးခွဲတွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ ၁၇/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ဖက်စပ်လုပ်ကိုင်မည့် အဆိုပါ
ဆန်စက်လုပ်ငန်းနှင့် အခြားစိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်ခွင့်ကို
ချထားပေးခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သည့် U Cho Rice Mill Co., Ltd
မှလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် တစ်နေ့လျှင် ဆန်တန် ၅၀ ကျ
နိုင်ငံတကာ အဆင့်မီ ပေါင်းဆန်ထုတ်လုပ်ခြင်း လုပ်ကိုင်မည်ဖြစ်ကြောင်း
သိရသည်။
U Cho Rice Mill Co., Ltd အနေဖြင့်လည်း ပေါင်းဆန်လုပ်ငန်း
လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏
ခွင့်ပြုချက်ကို ဇွန် ၂၉ ရက်က ရရှိခဲ့ကြောင်း၊ U Cho Rice Mill Co., Ltd
အနေဖြင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
မြှုပ်နှံမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ် ဇွန်လကုန်အထိ မြှုပ်နှံမှုပြုလုပ်သည့်
စာရင်းများအရ နိုင်ငံတကာမှ လာရောက်မြှုပ်နှံသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃
ဘီလျံ နီးပါးရှိပြီး နိုင်ငံသားများ မြှုပ်နှံထားသည့် ပမာဏမှာ
ကျပ်ဘီလျံပေါင်း ၂၉၅၉ ကျော်အထိ ရှိလာသည်ဟု ထုတ်ပြန်ထားချက်များအရ သိရသည်။

No comments :
Post a Comment