Blogger Widgets

Thursday, 4 July 2013

ဒဂုံဆိပ်ကမ်း စက်မှုဇုန်၌ အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြင့် သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်း လုပ်ကိုင်မည်

wood-july4
ဒဂုံဆိပ်ကမ်းရှိ စက်မှုဇုန် အတွင်းရှိ သစ်အချောထည် လုပ်ငန်းတစ်ခုအား တွေ့ရစဉ်
အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Greenply Industries (Myanmar) P.Ltd. (India) မှ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၌ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းကို လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Greenply Industries (Myanmar) P.Ltd.(India) အား သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။
အလားတူ မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းတော့မည် ဖြစ်သဖြင့် သစ်နှင့်သစ်အခြေခံ ပစ္စည်းများကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်ရေးအတွက် အာရှအခြေစိုက် ကုမ္ပဏီများမှ လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရှိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်း သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်နိုင်ရန် အမေရိကန်နှင့် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရှိရသည်။
"မြန်မာနိုင်ငံကနေ သစ်တောထွက် ပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် တင်ပို့နိုင်ဖို့ကို ၀န်ကြီးဌာနက ဦးဆောင်ပြီး ဆောင်ရွက်နေပါတယ်။ ၂၀၁၄ ခုနှစ်မှာ သစ်အလုံးလိုက် တင်ပို့မှု ရပ်တော့မှာ ဖြစ်တဲ့အတွက် သစ်အချောထည်ပစ္စည်း တင်ပို့နိုင်ရေးက အရေးကြီးပါတယ်။ အခုဆိုရင် အမေရိကန် အပါအ၀င် အီးယူနိုင်ငံတွေက ပြည်တွင်းမှာ သစ်အချောထည် ပစ္စည်းစက်ရုံတွေ တည်ထောင်တဲ့နေရာမှာ ရင်းနှီးမြှုပ်နှံတော့မှာ ဖြစ်ပါတယ်" ဟုလည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top