ချက်ထရီယံ
ဟိုတယ်တွင် ကျင်းပသည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဘာသာရေး ခေါင်းဆောင်များ
ဆွေးနွေးနေသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးမှ ဦးဆောင်ပြီး ချက်ထရီယံ
ဟိုတယ်တွင် ပြုလုပ်ကျင်းပသည့် အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့်
လှုံ့ဆော်မှုများအား ဥပဒေအရ ကာကွယ်ရန် သင့်၊ မသင့် ဆွေးနွေးသည့် အလုပ်ရုံ
ဆွေးနွေးပွဲအား ဇွန် ၂၈ ရက်၊ နံနက် ၉ နာရီက ပြုလုပ်ခဲ့ပြီး
ထိုဆွေးနွေးပွဲတွင် ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်၊
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချယ်တို့က အမှာစကား
ပြောကြားခဲ့ပြီး ဗုဒ္ဓဘာသာ ခေါင်းဆောင်အဖြစ် အရှင်ဓမ္မပီယ၊ မွတ်ဆလင် ဘာသာရေး
ခေါင်းဆောင်အဖြစ် ဦးအေးလွင်၊ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်အဖြစ်
ဒေါက်တာစောလှိုင်ဘွား၊ ဟိန္ဒူ ဘာသာရေး ခေါင်းဆောင်အဖြစ် ဦးအောင်နိုင်တို့က
ဦးဆောင် ဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲကို ဧည့်သည်အဖြစ် တက်ရောက် ဆွေးနွေးသည့် AP သတင်းဌာန၏
အတိုင်ပင်ခံဟောင်း တစ်ဦးဖြစ်သည့် Richard Winfield ကလည်း အမုန်းတရား
တိုးပွားလာအောင် ပြုလုပ်သည့် လှုံ့ဆော်မှုများမှ ကာကွယ်ရန် ဥရောပနိုင်ငံ
အချို့တွင် ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း အခြားမလိုလားအပ်သည့်
ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို
ချင့်ချိန်ဆွေးနွေးရန် ပြောကြားခဲ့သည်။
ထိုဆွေးနွေးပွဲအတွင်း ဟိန္ဒူဘာသာရေး ခေါင်းဆောင် ဦးအောင်နိုင်က
''ဆရာကြီး Richard ပြောသလိုဆိုရင် အမုန်းတရားဖြစ်အောင် လှုံ့ဆော်တာကို
တားမြစ်တဲ့ ဥပဒေ ရှိနေတဲ့အတွက် အထောက်အပံ့ မဖြစ်ဘဲ ၀န်ထုပ်ဝန်ပိုး
ဖြစ်သွားရတယ်။ မရှိပြန်တော့လည်း အကာအကွယ် မပေးလိုက် နိုင်တာတွေ ရှိတယ်။
အားလုံးနားလည်မှု ရှိနေဖို့ကတော့ အရေးကြီးပါတယ်။ ကျွန်တော်မြင်တာကတော့
စီမံအုပ်ချုပ်မှုပိုင်းရယ်၊ တရားဥပဒေ ပိုင်းရယ်၊ ဆိုရှယ်လူမှု
အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုလို့ သုံးပိုင်းရှိနေတာမှာ
စီမံအုပ်ချုပ်မှုပိုင်းကို အပ်ဖို့မဖြစ်နိုင်ဘူး။ တရားဥပဒေ ပိုင်းမှာလည်း
အခက်အခဲရှိတယ်။ ဒါကြောင့် ဘာသာပေါင်းစုံ စုထားတဲ့ အဖွဲ့အစည်း အတွင်းမှာပဲ
ပြေလည်အောင် ဆွေးနွေးညှိနှိုင်းဖို့ အရေးကြီးပါတယ်'' ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုဝန်ကြီး
ဦးရဲထွဋ်က ယခုဖြစ်ပွားသည့် ပြဿနာများသည် အင်တာနက် လူမှုစာမျက်နှာများပေါ်မှာ
အကျယ်ချဲ့ လှုံ့ဆော်မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး
ဖေ့စ်ဘွတ်လူမှုကွန်ရက်ကို အသုံးပြုသူ ရှစ်သိန်းတွင် လေးသိန်းမှာ
အတုများသာဖြစ်ကြောင်း ပြောကြားလိုက်သည်။ ဖေ့စ်ဘွတ် လူမှုကွန်ရက်သည်
မြန်မာပြည်သူ၊ ပြည်သားများအတွက် သတင်းဦးများ သိရှိရန် နေရာတစ်ခု
ဖြစ်လာနေပြီး မလိုမုန်းတီးမှုများကို ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားနေသောကြောင့်
မုန်းတီးခြင်းများသည် ဖေ့စ်ဘွတ်ပေါ်မှ တစ်ဆင့် ပြည်သူကြားထဲသို့
ပြန့်နှံ့လာသည်ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဦးရဲထွဋ်က လူအချို့အနေနှင့် လူမှုကွန်ရက်များပေါ်မှာ
အမုန်းတရား တိုးပွားလာစေရန် လှုံ့ဆော်နေမှုများကို အစိုးရက ပြုလုပ်သည်ဟု
ယူဆနေသည်မှာ မှားယွင်းကြောင်းနှင့် တပ်မတော်သားများအား ဖေ့စ်ဘွတ်
အသုံးမပြုရန် တားမြစ်ထားသည်ဟု ပြောကြားခဲ့သည်။
လွတ်လပ်စွာ ပြောဆိုခွင့်နှင့် ပတ်သက်ပြီး ဦးရဲထွဋ်က ''လူ့အခွင့်အရေး
ကြေညာစာတမ်းပါ အပုဒ် ၁၉ နဲ့ ၂၀ မှာလည်း လူတစ်ဦးချင်းရဲ့ လွတ်လပ်ခွင့်ကို
ကျင့်သုံးတဲ့ အချိန်မှာ အများစုရဲ့ လွတ်လပ်ခွင့်ကို မထိပါးစေဖို့၊
လူများအခွင့်အရေးကို လေးစားဖို့၊ လူမျိုးရေး ဘာသာရေး မထိခိုက်စေဖို့
လိုအပ်ရင် ဥပဒေပြုပြီး တားမြစ်နိုင်တယ်လို့ အခိုင်အမာ ပြဋ္ဌာန်းထားပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့က အရာရာကို ဥပဒေနဲ့ လိုက်ပိတ်ဖို့ မလွယ်ဘူး'' ဟု
ပြောကြားခဲ့သည်။
၎င်းအခမ်းအနားကို နေ့လယ် ၁၁ နာရီခွဲ အချိန်တွင် တက်ရောက်လာသော ဧည့်သည်များက
မိမိတို့ သိလိုသည်များအား မေးမြန်းခဲ့ပြီး နေ့လယ် ၁၂ နာရီ အချိန်တွင်
အခမ်းအနား ပြီးဆုံးသွားခဲ့သည်။

No comments :
Post a Comment