နိုင်ငံတော်သမ္မတဦးသိန်းစိန်
ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးနှင့် ဇွန် ၂၈ ရက်က
နေပြည်တော်၌ တွေ့ဆုံစဉ် (ဓာတ်ပုံ-နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်)
မြန်မာနိုင်ငံနှင့် ဟောင်ကောင်အကြား ကုန်သွယ်မှု နည်းပါးနေသည့် အတွက်
ကုန်သွယ်မှု ပမာဏ တိုးမြှင့်လိုသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က
ဟောင်ကောင် အထူးဒေသ အုပ်ချုပ်ရေးဒေသ အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီးနှင့် ဇွန်
၂၈ ရက်က နေ ပြည်တော်၌ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဟောင်ကောင် ဘဏ္ဍာရေးဝန်ကြီး Mr.John
Tsang Chun-wah ကို နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဧည့်ခန်းမ၌
တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း ဇွန် ၂၈ ရက် ညပိုင်းက
နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''ဟောင်ကောင်မှ လုပ်ငန်းရှင်များ
မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံပါက များစွာကြိုဆိုကြောင်း၊
မြန်မာနိုင်ငံ အနေဖြင့် ပြည်ပရင်းနှီးမြှုပ်နှံ သူများအတွက်
အခွင့်အလမ်းများစွာ ဖွင့်ပေးထားကြောင်းနှင့် မြန်မာနိုင်ငံနှင့်
ဟောင်ကောင်တို့အကြား ကုန်သွယ်မှု နည်းပါးနေသေးရာ ကုန်သွယ်မှု ပမာဏ
တိုးမြှင့်လိုသည်'' ဟု ပြောကြားလိုက်သည်။
ထို့ပြင် ဟောင်ကောင် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့်
မြန်မာနိုင်ငံ၌ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ရေး လုပ်ငန်းများ၊ လယ်ယာ၊
သစ်တော၊ သတ္တု၊ စွမ်းအင် ထုတ်လုပ်ရေး ကဏ္ဍ၊ အထူးစီးပွားရေးဇုန်များ၊
ခရီးသွားလာရေး လုပ်ငန်းများ အပါအ၀င် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊
ဟံသာဝတီလေဆိပ် တိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း ရင်းနှီးမြှုပ်နှံ
နိုင်သည်ဟု နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ခဲ့သည်။
ဟောင်ကောင် ဘဏ္ဍာရေးဝန်ကြီးကလည်း ဟောင်ကောင်အနေဖြင့် မြန်မာနိုင်ငံနှင့်
စီးပွားရေး ပူးပေါင်းဆောင်ရွက် နိုင်မည်ဟု ခံယူထားပြီး အထည်ချုပ်စက်ရုံ၊
ကလေး ကစားစရာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး
စက်ရုံများအပြင် ၀န်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ နိုင်မည်ဟု
မျှော်လင့်ထားကြောင်း ပြောကြားသည်။
ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း အများအပြား ရရှိစေနိုင်မည့်
လုပ်ငန်းများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေး၊
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မှု၊ တယ်လီဖုန်း
ထုတ်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်မှုနှင့် နေပြည်တော်
အနီးတစ်ဝိုက်တွင် မီးခိုးမထွက် ရေဆိုးမထွက်သည့် စက်ရုံများ တည်ဆောက်နိုင်မှု
စသည်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဟောင်ကောင်
အုပ်ချုပ်ရေးမှူးအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဟောင်ကောင်
ဘဏ္ဍာရေးဝန်ကြီးမှ တစ်ဆင့် ဖိတ်ကြားခဲ့သည်။

No comments :
Post a Comment