Blogger Widgets

Sunday 4 October 2015

ဆန်းသစ် ဖန်တီးမှု နည်းပညာကြောင့် အသက် ရှင်သန်ခွင့် ရခဲ့တဲ့ ငါးနှစ် သမီး

ရက်ပိုင်းလောက်ပဲ အသက် ရှင်တော့မယ်လို့ ထင်မှတ်ခံထားရတဲ့ ငါးနှစ် အရွယ် ကလေးငယ် တစ်ယောက်ဟာ အမေရိကန် ဆရာဝန်တွေရဲ့ ဆန်းသစ် ဖန်တီးမှုကြောင့် အသက် ဆက်ရှင်ခွင့် ရခဲ့ပါတယ်။
မီယာဂွန်ဇာလက်ဇ်လို့ အမည်ရတဲ့ ငါးနှစ် သမီးလေးဟာ နှလုံး အတွင်း သွေးကြောပုံစံ သာမန် မဟုတ်တဲ့ Double Aorta Arch ရောဂါ ခံစားခဲ့ရသူပါ။ ပြီးခဲ့တဲ့ မတ်လအတွင်း ဆရာဝန်တွေက သူမရဲ့ နှလုံး ရောဂါကို ခွဲစိတ် ကုသနိုင်ဖို့ မရှိဘူးလို့ သတ်မှတ်ခဲ့ပြီး ရက် အနည်းငယ်ပဲ အသက် ရှင်ခွင့် ရတော့မယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ သူမရဲ့ နှလုံးကို သုံးဘက်မြင် ပုံစံတူ ပြုလုပ်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ခွဲစိတ် ကုသမှု အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ မီယာမီမြို့ နစ်ကလက်စ် ကလေးဆေးရုံက ဒေါက်တာရက်မွန်ဘက်ခ်က " CT scan တို့ MRI scan တို့ဆိုရင် လက်ထဲ ကိုင်ထားဖို့ မဖြစ်နိုင်ပေမယ့် နှလုံး ပုံစံတူကို လက်ထဲ ကိုင်ထားပြီး သူမရဲ့ နှလုံးကို ခွဲစိတ် ပြုပြင်ခဲ့ပါတယ်။ သုံးဘက်မြင် နှလုံး ပုံတူက ခွဲစိတ် ဆရာဝန်တွေကို အချက်အလက် ပံ့ပိုးပေးရာမှာ အရမ်း ထူးခြားပါတယ်။ လူနာရဲ့မိသားစုကို ဘယ်လို ခွဲစိတ် ကုသရတယ်ဆိုပြီး ရှင်းပြတဲ့နေရာမှာလည်း အရမ်း အသုံးဝင်ပါတယ်"လို့ ပြောပါတယ်။
ခွဲစိတ် ကုသမှု မလုပ်ခင်မှာ ခန္ဓာကိုယ် အစိတ်အပိုင်း ပုံတူကိုကြည့်ပြီး ကြိုတင် ပြင်ဆင်လို့ ရတဲ့အတွက် အချိန်ကုန် ပိုသက်သာတဲ့ အားသာချက် ရှိပါတယ်။
ခွဲစိတ် ကုသမှု ခံယူခဲ့ပြီးနောက် အကောင်း ပကတိ ပြန်လည် ကျန်းမာလာခဲ့တဲ့ မီယာဟာ အားကစား လှုပ်ရှားမှုတွေမှာလည်း ပါဝင်နိုင်မယ်လို့ သိရပါတယ်။
နှလုံးပုံတူဖန်တီးရန်အတွက် မီယာရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို MRI scan ဖတ်ရပြီး ကွန်ပျူတာထဲ အချက်အလက်တွေ ထည့်သွင်းရပါတယ်။ ပြီးတော့ အထူး ပြုလုပ်ထားတဲ့ Printer နဲ့ ထုတ်လုပ်ခဲ့တာပါ။ အဲဒီလို ဖန်တီးဖို့ အချိန် ကိုးနာရီ ကြာမြင့်ပြီး နှလုံးတု တစ်ခုအတွက် ပေါင် ၄၀၀ နီးပါး ကုန်ကျတယ်လို့ သိရပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top