Blogger Widgets

Thursday, 10 September 2015

ကားနောက်မှန်များတွင် LED ကြော်ငြာဘုတ် တပ်ဆင်မှုများကို အရေးယူမည်

ကားနောက်မှန်တွင် အယ်လ်အီးဒီကြော်ငြာဘုတ်များတပ်ဆင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့က တားမြစ် လိုက်ခြင်းကြောင့် စက်တင်ဘာ ၉ ရက်မှစ၍ ယင်းကြော်ငြာတပ်ဆင် ထားသည့် ယာဉ်များကို မထသ (ဗဟို)က စတင်အရေးယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင်းမောင်းနှင် သွားလာနေကြသည့် အချို့ယာဉ် များမှာ ကားနောက်ဘက်မှန်၌ အယ်လ်အီးဒီကြော်ငြာဘုတ်များ တပ်ဆင်ထားသဖြင့် ယင်းယာဉ် နောက်မှ မောင်းနှင်လာသည့် ယာဉ်ကို အမြင်အာရုံအနှောင့်အယှက်ဖြစ်စေနိုင်ကာ ယာဉ်အန္တရာယ်ရှိနိုင်ခြင်းကြောင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု မထသ (ဗဟို)ဒုဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။
‘‘ကားရဲ့ နောက်ဘက်ကမှန် မှာ အယ်လ်အီးဒီ ကြော်ငြာတွေတပ်ထားရင် အဲဒီကားရဲ့နောက်မှာ မောင်းလာတဲ့ကားက လူကိုဖတ်စေမိပြီး အန္တရာယ်ကြုံတွေ့နိုင်တာကြောင့်ပါ။ တက္ကစီတွေအများစုတပ်ဆင်ထားတာတွေ့ရတယ်။ အရေးယူမှုအပိုင်းအနေနဲ့ကတော့ စီးတီးတက္ကစီတွေဆိုရင် ယာဉ်မှတ်ပုံတင်ထားတာ ဖျက်သိမ်းမယ်။ အဲဒီအခါကျ သူသည်တက္ကစီမဟုတ်တော့ဘဲ Without Taxi ဖြစ်သွားမယ်။ ဒီတော့ ယာဉ်ထိန်းက သူ့ကို အရေးယူလို့ရမယ်။ အဓိကကတော့ လိုက်နာအောင် လုပ်တာပါ’’ ဟု၎င်းက ပြောသည်။
ကားနောက်မှန်၌ အယ်လ် အီးဒီကြော်ငြာများ တပ်ဆင်ခြင်း အပြင် ယာဉ်များအားလုံး နောက်မှန်ကြီး၌ ‘‘အန္တရာယ် ကင်းစွာမောင်းနှင်ပါ’’စာတန်းမှအပ မည်သည့် စာတန်းမှ တပ်ဆင်ခွင့်မပြုကြောင်း သိရသည်။
ယခုနှစ် ဇန်န၀ါရီမှ သြဂုတ် လကုန်အထိ မထသလက်အောက် ရှိ ယာဉ်များယာဉ်မတော်တဆ ဖြစ်မှုမှာ ၁၇၃ ကြိမ်ရှိပြီး ၅၀ ဦး သေဆုံးကာ ၄၉၇ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း မထသ (ဗဟို)မှ သိရ သည်။ ‘‘ကားနောက် မှန်ကြီးမှာ အယ်လ်အီးဒီလို ကြော်ငြာဘုတ် တွေရော တခြား အာရုံရောက်စေမယ့် ကြော်ငြာစာတန်းတွေပါ ခွင့်မပြုတော့တာ ကောင်းတယ်။ ရှေ့ကားမှာ တစ်ခုခုအာရုံစူးစိုက် စရာ တပ်ဆင်ထားရင် နောက် ကားက မောင်းလာတဲ့ သူကကြည့်ပြီး ရှေ့ကားကို ၀င်တိုက်မိနိုင် တယ်လေ။ အခုဆို ရန်ကုန်မှာ အဲဒီလိုတပ်ဆင်ထားတဲ့ ကားတွေအ များကြီး ရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာလူကြီးတွေက တား မြစ်ပြီးရင်လည်း ထိထိ ရောက် ရောက်အရေးယူပေးဖို့ လိုအပ်ပါ တယ်’’ ဟု တောင်ဥက္ကလာပမြို့ နယ်နေ အငှားယာဉ်မောင်းတစ်ဦး က ပြောသည်။
လက်ရှိတွင် မထသ (ဗဟို) လက်အောက်၌ စီးတီးတက္ကစီအ ဖြစ် မှတ်ပုံတင်ထားသည့် ယာဉ် အစီးရေ ခြောက်သောင်းဝန်း ကျင်ခန့် ရှိသည်။

No comments :

Post a Comment

Blogger Widgets
Back to Top