Blogger Widgets

Friday 14 June 2013

ရာသီဥတု ပြောင်းလဲမှုကြောင့် နယူးယောက်မြို့ကို ထိခိုက်မှုမှ ကာကွယ်ရန် ဒေါ်လာဘီလျံ ၂၀ နီးပါး သုံးစွဲမည့် အစီအစဉ် ထုတ်ပြန်

naturaldanger-june13
နယူးယောက် မြို့တော်ဝန် ဘလွန်းဘာ့ဂ်က ရာသီဥတု ပြောင်းလဲမှုကြောင့် နယူးယောက်မြို့
အပေါ် ထိခိုက်နိုင်ခြေအတွက် ကြိုတင်ကာကွယ်ရေး အစီအစဉ်ကို
ဇွန် ၁၁ ရက်က ထုတ်ပြန်ခဲ့စဉ် (Photo: AFP)

အမေရိကန် အရှေ့ဘက် ကမ်းရိုးတန်းရှိ နယူးယောက်မြို့သို့ ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် ဆန်ဒီမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခဲ့ပြီး ခုနစ်လအကြာတွင် ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်ကြောင့် နယူးယောက်မြို့ကို ထိခိုက်မှုများမှ ကာကွယ်မည့် ဒေါ်လာ ၁၉ ဒသမ ၅ ဘီလျံ အသုံးပြုမည့် အစီအစဉ်ကို နယူးယောက် မြို့တော်ဝန် မိုက်ကယ်ဘလွန်းဘာ့ဂ်က ဇွန် ၁၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းအစီအစဉ်တွင် ရေကြီးမှုမှ ကာကွယ်ရန် ခြောက်မီတာ (ပေ ၂၀) အမြင့်ရှိ ရေထိန်းနံရံများနှင့် ရေနုတ်မြောင်းများကို တည်ဆောက်ခြင်းတို့ ပါဝင်သည်။

ဆန်ဒီမုန်တိုင်းကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၀ ၀န်းကျင် ရှိခဲ့ပြီး နယူးယောက် တစ်မြို့တည်းတွင် လူ ၄၃ ဦး သေဆုံးခဲ့ကာ ဒေါ်လာ ၁၉ ဘီလျံခန့် ပျက်စီးခဲ့သည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် နယူးယောက် မြို့အပေါ် သက်ရောက်မှု ရှိနိုင်သည့် စာမျက်နှာ ၄၀၀ ကျော်ရှိသော လေ့လာမှုကို ထုတ်ပြန်ခဲ့ပြီးနောက် ယခုအစီအစဉ်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

၂၀၅၀ ပြည့်နှစ်တွင် ဆန်ဒီမုန်တိုင်းကဲ့သို့ သဘာဝ ဘေးအန္တရာယ်များ ကျရောက်ပါက ပိုမိုပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများ ကြုံတွေ့ရနိုင်ကြောင်း ဘလွန်းဘာ့ဂ်က သတိပေးခဲ့ပြီး မြို့၏ လေးပုံတစ်ပုံသည် ရေလွှမ်းခံရနိုင်ကြောင်း ပြောကြားခဲ့သည်။ ရေထိန်းနံရံများ တည်ဆောက်မှုမှာ ပင်လယ်မြင်ကွင်းကို ပိတ်ဆို့နိုင်သည်ဟု အငြင်းပွားမှုအချို့ ရှိခဲ့သော်လည်း ၈၃၅ ကီလိုမီတာ (မိုင် ၅၂၀) ရှိသော နယူးယောက် ကမ်းရိုးတန်းတစ်လျှောက် ဘေးကင်းစေရေးနှင့် ရေလွှမ်းမိုးနိုင်သော ဒေသများတွင် နေထိုင်လျက်ရှိသည့် လူလေးသိန်းအတွက် ဘေးကင်းစေရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း ဘလွန်းဘာဂ့်ကေ ပြောကြားခဲ့သည်။

နယူးယောက် ကမ်းရိုးတန်း ရေမျက်နှာပြင်သည် ၂၀၂၀ ပြည့်နှစ် မတိုင်မီ ၁၂ စင်တီမီတာအထိ မြင့်တက်နိုင်ကြောင်း ပညာရှင်များက ၂၀၀၉ ခုနှစ်တွင် ခန့်မှန်းခဲ့သောလည်း စင်တီမီတာ ၂၀ အထိ မြင့်တက်နိုင်ကြောင်း ပြောင်းလဲခန့်မှန်း ခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top