Blogger Widgets

Wednesday, 12 June 2013

မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံများ၌ သွေးလွန်တုပ်ကွေးဖြစ်ပွားနှုန်း များပြားနေ

မြန်မာ အပါအ၀င် ဒေသတွင်းနိုင်ငံများ၌ လက်ရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များပြားနေပြီး အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများအထိ ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန် အထွေထွေရောဂါကု ဆေးရုံ သစ်ကြီး ဆေးကုသဆောင်မှ ဒေါက်တာဇော်သန်းထွန်း၏ ပြောကြားချက်အရ သိရသည်။

လက်ရှိ မြန်မာနိုင်ငံ တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး ဆေးရုံတက်ရောက် ကုသရသူများအနက် လသား ကလေးငယ်မှ စ၍ အသက် ၃၅ နှစ်အောက် လူလတ်ပိုင်းများလည်း ပါဝင်နေကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများအပြင် ပုဂ္ဂလိက ဆေးရုံများတွင်လည်း တက်ရောက်ကုသမှု များပြားလျက်ရှိကြောင်း သိရသည်။

“မြန်မာ တစ်နိုင်ငံလုံးမှာ ဒီနှစ် သွေးလွန်တုပ်ကွေးဖြစ်နှုန်း များနေတယ်။ သွေးလွန်တုပ်ကွေးက အခု ကလေးတွေမှာတင် မကဘဲ လူလတ်ပိုင်း အရွယ်တွေအထိ ဖြစ်နေတာ တွေ့ရတယ်။ အခု ဆေးရုံမှာဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူနာတွေ ဖြစ်နေပါတယ်။ ဒီလိုဖြစ်နေတာ မြန်မာနိုင်ငံတင် မကဘူး။ တခြားဒေသ တွင်း နိုင်ငံတွေမှာလည်း ဖြစ်နှုန်း များနေတယ်လို့ ကြားပါတယ်။
အခု လူကြီးမှာဖြစ်တဲ့ သွေးလွန်တုပ်ကွေးက ကလေးတွေမှာ ဖြစ်သလို ကိုယ်လက်မအီမသာဖြစ်တာ အဆစ်တွေ ကိုက်တာ နာတာမျိုးတွေ မဖြစ်ဘူး။ ကလေးတွေမှာပြတဲ့ လက္ခဏာမျိုး လူကြီးတွေမှာ မဖြစ်တဲ့အတွက် သတိထားသင့်ပြီး သံသယ ရှိတယ်ဆိုရင် သွေးစစ်ကြည့်သင့်ပါတယ်။ အခုချိန်ထိ လူကြီးတွေ မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှု မတွေ့ရသေးပါဘူး” ဟု ဒေါက်တာဇော်သန်းထွန်း က ပြောပြခဲ့သည်။

မြန်မာနိုင်ငံ တွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများအနက် အသက် ၅၅ နှစ်အောက် လူကြီးပိုင်းများအထိ ဖြစ်ပွားမှု ရှိခဲ့ကြောင်းနှင့် ရောဂါဖြစ်ပွားပြီး သေဆုံးရသူများအနက် ကလေးငယ်များမှာ ပိုမို များပြားလေ့ရှိကြောင်း သိရသည်။ တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၏ ၇၅ ရာခိုင်နှုန်းသည် အာရှပစိဖိတ် ဒေသများမှ ဖြစ်ကြောင်းနှင့် အရှေ့တောင်အာရှ နိုင်ငံများသည် တစ်ကမ္ဘာလုံး သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုရှိသော ဒေသ၏ ၅၂ ရာခိုင်နှုန်းဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်ကြောင်းလည်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း များလာရခြင်း အကြောင်းအရင်းများ အနက် လူဦးရေ များပြားလာပြီး မြို့ပြဒေသများတွင် လူဦးရေ ပိုမိုသိပ်သည်းလာခြင်း၊ အခြားနိုင်ငံများနှင့် ကူးသန်းသွားလာမှု များလာခြင်း၊ ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်း စသည့် အကြောင်းရင်းများကြောင့် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကမ္ဘာ့နိုင်ငံ အချို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို စမ်းသပ်လျက်ရှိကြောင်းနှင့် ထိုင်းနိုင်ငံ၌ လူများတွင် စမ်းသပ်ပြီး ရလဒ်ကို စောင့်ဆိုင်းလျက်ရှိရာ အောင်မြင်မှု ရှိခဲ့ပါက ပြည်တွင်းဈေးကွက်သို့ ၂၀၁၅ ခုနှစ်အတွင်း ၀င်လာနိုင်ခြေရှိကြောင်း ဒေါက်တာဇော်သန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
 
No comments :

Post a Comment

Blogger Widgets
Back to Top